Saturday, January 16, 2010

ကျီးသဲလေးထပ်ဆရာတော်အား ဘုရင်က နေပြည်တော်သို့ ပင့်ပြီ

၁၈၅၂ ခုနှစ်၊ ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားပြီးနောက် အောက်မြန်မာနိုင်ငံ တစ်ခုလုံး နယ်ချဲ့ မိစ္ဆာတို့လက် ကျရောက်သွားကာ အပျော်အပါးတွင်သာ စိတ်ဝင်စားနေသော ပုဂံမင်းလည်း နန်းကျပြီး ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာသည်။

မင်းတုန်းမင်းသည် ၁၈၆၀ ပြည့်နှစ်တွင် မန္တလေး ရတနာပုံမြို့သစ် နန်းသစ်ကိုတည်၍ ရွှေ့ပြောင်းစံမြန်းခဲ့သည်။ သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်သော မင်းတုန်းမင်းကြီးသည် ၁၂၃၃ (၁၈၇၁) ခုနှစ်တွင် ပိဋကတ်သုံးပုံတို့ကို ပဉ္စမသင်္ဂါယနာ တင်တော်မူသည်။ ဘုရားဟော ပိဋကတ်သုံးပုံတို့ကို ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကျောက်ထွင်း ကမ္ပည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် အုတ်ဂူဘုရား ၇၂၉ ခုအတွင်း၌ စိုက်ထား ကိုးကွယ် သာသနာပြုခဲ့သည်။ အခြားသာသနာပြု ကုသိုလ်ကောင်းမှုများစွာကိုလည်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
="fullpost">
သာသနာတော် ပြန့်ပွားစည်ပင် ထွန်းကားတည်တံ့အောင် ဆောင်ရွက်နိုင်ရန်အတွက် သုဓမ္မာဆရာတော်ကြီး ရှစ်ပါးကို သီးခြား ရွေးချယ်တင်မြှောက် ကိုးကွယ်တော်မူသည်။ ထိုသုဓမ္မာ ဆရာတော်ကြီး ရှစ်ပါးတို့သည် ဘုရင်၏ သုဓမ္မာဇရပ်သို့ ကြွတော်မူကြပြီး စည်းဝေးတိုင်ပင်တော်မူကြကာ သသနာ့ဝန်ကို ထမ်းဆောင်တော်မူ ကြသည်။ ထိုစဉ်က သာသနာပိုင်ဆရာတော်မှာ ဘဒ္ဒန္တဉေယျဓမ္မာဘိဓဇ သိရီပ၀ရ မဟာဓမ္မရာဇာဓိ ရာဇဂုရု သက်ပန်းဆရာတော် ဘုရားကြီးဖြစ်သည်။ ဘဒ္ဒန္တ အဂ္ဂမဟာလင်္ကာရ က၀ိဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု သင်္ဂဇာ ဆရာတော်ဘုရားကြီးကား သုဓမ္မာရှစ်ပါးတွင် တစ်ပါးအပါအ၀င် ဆရာတော်ကြီးဖြစ်သည်။ တရားဟော အလွန်ကောင်းပြီး နယ်လှည့်၍ တရားဟောနေသော နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီးလည်းဖြစ်သည်။

ထိုစဉ်က ၄င်း သင်္ဂဇာဆရာတော်ကြီးသည် ရွှေတောင်မြို့ ကျီးသဲတွင် သီတင်းသုံးနေတော်မူသော ကျီးသဲလေး ထပ်ဆရာတော်ကြီးထံသို့ ကြွရောက်တော်မူပြီး သတင်းကြီးလှသော ကျီးသဲလေးထပ် ဆရာတော် အမှန်တကယ် ပညာကြီးမားမှု ရှိ မရှိ သိရအောင် ပညာစမ်းမေးခွန်းပုစ္ဆာပေါင်းများစွာကို မရပ်မနား တရစပ်မေးတော်မူသည်။ ၁၁၇၇ ခုနှစ်တွင် ဖွားမြင်ခဲ့သော သင်္ဂဇာဆရာတော်သည် ၁၁၇၉ခုနှစ်တွင် ဖွားမြင်သော ကျီးသဲလေးထပ်ဆရာ တော်ထက် သက်တော် နှစ်နှစ် ပိုကြီးသည်။ ၁၁၇၆ ခုနှစ်တွင် ဖွားမြင်သော မင်းတုန်းမင်းက ကျီးသဲလေးထပ် ဆရာတော်ထက် သုံးနှစ်ပိုကြီးသည်။

ထိုသို့ သင်္ဂဇာဆရာတော် မေးသမျှ မေးခွန်းပေါင်းများစွာကို ကျီးသဲလေးထပ်ဆရာတော်ကလည်း အကိုးအကား ဥပမာ ဥပမေယျအပေါင်းများစွာဖြင့် အသေးစိတ် ဖြေတော်မူသည်။ အမေးပုစ္ဆာတစ်ခုကို အဖြေပေါင်းများစွာ ( ၀ါ ပေါင်းများစွာ) ဖြင့် ဖြေတော်မူခဲ့သည်ဟု ပုရပိုက်မှတ်တမ်းများတွင် တွေ့ရသည်။ ထိုသို့ ပညာစမ်းမေးခွန်းပေါင်း များစွာကို မေးတော်မူပြီး ပြန်လည်ဖြေကြားသော အဖြေများကို အားရကျေနပ်တော်မူသော သင်္ဂဇာဆရာတော် ဘုရားကြီးက “ဒါကြောင့်လဲ ကျီးသဲလေးထပ် ကျီးသဲလေးထပ်နဲ့ နိုင်ငံကျော်တာ၊ ကျော်ထိုက်ပါပေတယ်။ ကျော် ထိုက်ပါပေတယ်။ အင်း - တောကင်းမို့လို့သာပေါ့။ မြို့ကင်းသာဆို ဒါထက် အဆိပ်ပိုပြင်းမှာ သေချာတယ်” ဟု မိန်တော်မူသည်။ ကျီးသဲလေးထပ် ဆရာတော်၏ ငယ်မည်မှာ မောင်ကင်းဖြစ်သောကြောင့် ထိုကဲ့သို့ မိန့်ကြား တော်မူခြင်းဖြစ်သည်။

ထိုအခါ ကျီးသဲလေးထပ် ဆရာတော်ကလည်း ပြန်လည်လျှောက်ထားသည်။

0 comments:

Post a Comment

.