ကျီးသဲလေးထပ် ဆရာတော်နှင့် ကျေးလက်သာသနာပြုခရီး (၂)
သာမဏေကျော် ရှင်မုနိန္ဒာဘိဓဇ သံဃဒတ္တိယ
၁၄ နှစ်သားအရွယ် ၁၁၉၃ခုနှစ်၊ ပထမ၀ါဆိုလပြည့်(၂၅-၆-၁၈၃၁)စနေနေ့တွင် ဆရာတော် ဦးပညာသာမိ ထံတွင် သာမဏေပြုတော်မူသည်။ ဘွဲ့တော်မှာ ရှင်မုနိန္ဒဖြစ်သည်။ ရှင်သာမဏေဘ၀တွင် သင်္ခေပ၀ဏနာကျမ်း၊ ကစ္စာယနသာရကျမ်း၊ ဧကက္ခရကောသကျမ်း၊ ကန္ထာဘရဏကျမ်း၊ သဒ္ဒ၀ုတ္တိကျမ်း၊ သဒ္ဒသာရတ္ထဇာလိနီကျမ်း၊ ည၀ါ မာတိကာ ဓာတုကထာကျမ်းများကို အရွယ်နှင့်မလိုက်အောင် နှုတ်တက်ရွရွ ဆောင်နိုင်တောမူသည်။ ထို့အပြင် နိဒ္ဒေသပကရဏကျမ်း၊ မူလဗေဒကျမ်းတိုကိုလည်း သင်ယူတတ်မြောက် တော်မူသည်။
၁၆နှစ်သားအရွယ် ၁၁၉၅ခုနှစ် တစ်ညနေတွင်ဖြစ်သည်။ သစ်နီတောကျောင်းတိုက်၏ အရှေ့မြောက်ဘက် ရွှေမြင်တင်ဘုရားကုန်းတော်နှင့် ၀ဘုရားကုန်းတော်တို့၏ အလယ်၌ ပိန်းအင်းကြီးကိုဖြတ်၍ တည်ဆောက်ထား သည့် တိုင်တစ်ရာတံတားကြီးပေါ်တွင် ဆရာတော် ဦးပညာသာမိသည် သူ၏အချစ်ဆုံးတပည့်ဖြစ်သည့် ကိုရင် မုနိန္ဒကို နောက်မှာထားလျက် စင်္ကြံလျောက်နေသည်။ ညင်သာသော လေပြည်ကလေးသည် ဣနြေ္ဒရနေသည့် ပိန်းအင်းကြီး၏ရေပြင်ကို လှိုင်းကလေးများထအောင် ဖန်တီးနေသည်။ အင်းကြီးထဲတွင် ဖူးပွင့်ဝေဆာနေသည့် ကြာဖြူ ကြာနီ ကြာညိုနှင့် ပဒုမ္မာကြာတို့သည် လှိုင်းကလေးများပေါ်တွင် ဟီးလေးခိုကာ အငြိမ့်စီးနေကြသည်။ ညနေစောင်း၏ တောက်ပသော နေရောင်ခြည်သည် စိမ်းလဲ့ကြည်လင်နေသည့် ရေပြင်ပေါ်တွင် ဖြာကျနေသည်။ ကျေးငှက်မျိုးစုံတို့၏ တွန်ကျူးသံတို့သည် သာယာအေးချမ်းလှသည့် ပိန်းအင်းကြီး၏ ပတ်ဝန်းကျင်ကို ပို၍သာယာ အောင် ပြုမူနေဘိသို့ ရှိသည်။ အနီးရှိ သစ်နီတောကျောင်းတိုက်နှင့် ၀ဘုရား၊ ရွှေကြာရံဘုရား၊ ရွှေမြင်တင်ဘုရား တို့သည် ပိန်းအင်းကြီး၏ ပတ်ဝန်းကျင်ကို လောကုတ္တရာအရိပ် မိုးပေးနေသည်။ သာယာကြည်နူးဖွယ် ကဗျာ ပတ်ဝန်းကျင်သည် စာဆိုသာမဏေ၏ နှလုံးကို မြှူဆွနေလေသည်။ ဆရာတော်ကြီးသည် တပည့်သာမဏေ၏ အကဲကို ခတ်မိလေသည်။
ထို့ကြောင့် ဆရာတော်ကြီးက တပည့်သာမဏေအား သည်အိုင် သည်အင်း သည်ပတ်ဝန်းကျင်ကို အာရုံပြုပြီး ပျို့ တစ်စောင်စပ်ဆိုရင် တာဝန်ပေးလိုက်သည်။ သို့ဖြင့် သီရိပရမ၊ သုဇေယျဖြင့် လောကသုံးခိုင်၊ ဆုံးမဲ့ပိုင်သည်၊ ဘုန်းလှိုင်သကျ၊ စိန္တေယျနှင့်၊ ဓမ္မဆယ်ဖြာ၊ မြတ်သံဃာကို၊ စေတနာညွတ်တွား၊ ကံသုံးပါးဖြင့်၊ ဦးဖျားညွတ်ငိုက်၊ တစ်မွက်စိုက်ပြီ- အစချီသည့် “မဟာသရပျို့” (ပုရပိုက်ဖြင့် ၃၇ မျက်နှာပါရှိသည့်) ကို စပ်ဆို၍ ဆရာတော်ကြီး အား ဆက်ကပ်လိုက်သည်။
ထိုအခါ ဆရာတော်ကြီး ဦးပညာသာမိက နှစ်ထောင်းအားရ ကျေနပ်လှသဖြင့် သစ်နီတော စာသင်တိုက်ကြီး အတွင်းရှိ စာသင်သား သံဃာပေါင်းများစွာ၏အလယ်တွင် ရှင်မုနိန္ဒအား ချီးကျူးဂုဏ်ပြုပွဲကြီးတစ်ခု ပြုလုပ်လျှက် “အဘိဓဇ သံဃ ဒတ္တိယ ဘွဲ့တံဆိပ်တော်” ကို ပေးအပ်လိုက်သည်။ ထို့အပြင် သစ်နီတောကျောင်းတိုက်၏ မြောက်ဘက်တွင် ကပ်လျက်ရှိသော “နွားမယံကျောင်းတိုက်ကြီးနှင့်ဥယျာဉ်”ကို အပိုင်ပေးသနားတော်မူသည်။
ရွှေတောင်သို့တက်ပြီ
သက်တော် (၁၇)နှစ်တွင် ရွှေတောင်မြို့ မင်းတဲရပ် ၀ိစိတ္တာလက္ကင်္ာရ မဟာဓမ္မရာဇဂုရု ပထမကျော် လင်္ကာဒီပ ဆရာတော်ထံ၌ အဘိဓမ္မာပါဠိတော် (၇)ကျမ်း အဖွင့်ဖြစ်သော အဋ္ဌသာလိနီ အဋ္ဌကထာ၊ သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာ၊ အဘိဓမ္မတ္ထ ၀ိဘာဂနီဋီကာကျမ်းများကို သင်ကြားတတ်မြောက်တော်မူသည်။ရဟန်းအဖြစ်သို့ရောက်ပြီ
သက်တော် (၁၉)နှစ် ခြောက်လအရွယ် ၁၁၉၈ခုနှစ်၊ တပေါင်းလပြည့် (၁၉-၂-၁၈၇၃) အင်္ဂါနေ့တွင် က၀ိန္ဒာဘိသဒ္ဓမ္မပ၀ရ မဟာဓမ္မ ရာဇာဂုရု၊ ဂုဏမုနိလင်္ကာရ သဒ္ဓမ္မ မဟာဓမ္မရာဇ ဓိရာဇာဂုရု တံဆိပ်တော် နှစ်ထပ်ရ အမရပူရ ရွှေတောင်ဆရာတော်ဘုရားကြီး အရှင် ဂုဏာစာရ၏ သဒ္ဓိဝိဟာရိက ရွှေတောင်မြို့ဂိုဏ်းအုပ် ဆရာတော် အရှင်ကုမာရကို ဥပဇ္ဖျာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ အရှင် မုနိန္ဒာဘိဓဇ ပင်ဖြစ်သည်။နေပြည်တော်တွင် ပညာသင်
ရဟန်းအဖြစ်သို့ရောက်ပြီးနောက် အထက်မြန်မာပြည်သို့ တက်ရောက်ကာ အမရပူရနေပြည်တော်တွင် ပိဋကတ် အကျော်အမော် ဆရာတော်များဖြစ်သည့် ဘွဲ့တံဆိပ်တော် အထပ်ထပ်ရတော်မူသော မောင်းထောင် သာသနာ ပိုင်ဆရာတော် ဦးဉေယျဓမ္မ (ဉေယျဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု ဉေယျဓမ္မာ ဘိဝံသ သိရီပ၀ရာ လင်္ကာရ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု/ ဉေယျဓမ္မာဘိဝံသ မုနိဝရဥာဏကိတ္ထိ သိရီဓဇ ဓမ္မသေနာ ပတိ မဟာဓမ္မရာဇာဓိ ရာဇဂုရု၊ အမရပူရ)၊ မိတ္ထီလာဆရာတော် ဦးဥတ္တမ (ဥတ္တမ စက္ကိန္ဒဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု၊ အမရပူရမြို့)၊ ခင်မကန်ဆရာတော် ဦးမဏိဇောတ (မဏိဇောတလင်္ကာရ မဟာဓမ္မရာဇာဓိ ရာဇဂုရု၊ အမရပူရမြို့)၊ ရွှေတိုက်ဝန်ဆရာတော် ဦးအရိန္ဒမ (အရိန္ဒမဂုဏာဘိ သီရိဓဇ မဟာဓမ္မ ရာဇဂုရု၊ အမရပူရမြို့) နှင့် ဆရာတော် ဦးအရိယ(မြို့မကျောင်းတိုက်၊ အင်္ဂပူမြို့) တို့ထံတော်၌ သာသနိကဖြစ်သော ပိဋကတ်ကျမ်း၊ အန၀ဇ္ဇ ဖြစ်သော လောကီယကျမ်းနှင့် သက္ကတကျမ်း စသည့် ပိဋကတ်သုံးသွယ် နိကယ်ငါးရပ်နှင့် ကျမ်းမျိုးစုံတို့ကို ဆုံးခန်းတိုင် အာဂုံဆောင် တတ်မြောက်အောင် သင်ကြားရသဖြင့် သာသနာဝယ် နေလအသွင် ထင်ရှားသော အဖြစ်သို့ ရောက်တော်မူသည်။လေးထပ်ကျောင်းတော်ကြီးကို အလှူခံ
ရဟန်းခြောက်ဝါရရှိပြီး ပညာစုံ၍ ရွှေတောင်သို့ ပြန်ကြွလာလေသည်။ ထို့နောက် ကောဇာသက္ကရာဇ် ၁၂၀၆ ခုနှစ်တွင် အမရပူရနန်းစံ ပုဂံမင်းတရားကြီး လက်ထက်တွင် ရွှေတောင်မြို့၊ ပန်းတောင်းမြို့ နှင့် ဟံသာဝတီ ရန်ကုန်မြို့များကို အုပ်ချုပ်၍ မြို့ဝန်လုပ်ရသော သတိုးမင်းကြီး မဟာမင်းလှမင်းခေါင် ကျော်ထင်နော်ရထာဘွဲ့ခံ သတိုးဝန်ကြီး ဦးမှုံက ကျီးသဲအရှေ့ဘက် တာနှစ်ရာကျော်ကွာဝေးသော ရွှေမြင်တင်ဘုရားအနီး ကုန်းမြေတွင် လေးထပ်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းသည်။ (ထိုအချိန်တွင် ရဟန်း ရှစ်ဝါရရှိပြီ)
Post a Comment