Sunday, January 10, 2010

ကျီးသဲလေးထပ် ဆရာတော်နှင့် ကျေးလက်သာသနာပြုခရီး (၁)

ဘဒ္ဒန္တ မုနိန္ဒာဘိဓဇ- ပဏ္ဍိတဓဇ မုနိန္ဒာဃောသ မဟာဓမ္မရာဇာဂုရု ဘွဲ့တံဆိပ်တော်နှင့် သိရီပ၀ရ မဟာဓမ္မရာဇာ ဓိရာဇာဂုရု ဘွဲ့တံဆိပ်တော်နှစ်ထပ် (၁၂၄၃ ခုနှစ် သီပေါမင်းလှူ တံဆိပ်တော်) တို့ ရရှိတော်မူခဲ့သည့် ကျီးသဲ လေးထပ် ဆရာတော်ဘုရားကြီး၏ ကျေးလက်တောရွာ သာသနာပြု မဟာခရီးကြီးကား အံ့ချီးဖွယ်ရာဖြစ်သည်။

ပဉ္စမ သင်္ဂါယနာတင် သာသနာ့ဒါယကာ ဘ၀ရှင် မင်းတုန်းမင်းတရားကြီးက ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ၏ ပညာကြီးမား၊ ပြည်ကျော်ကြားသည့် သတင်းစကားကို ကြည်ညို သဒ္ဓါပွားကာ ပင့်ဖိတ်တော်မူသည်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးသို့ ကြွရောက်ကာ ထာဝရ သီတင်းသုံးပါရန်နှင့် နန်းတော်၌ သင့်တင့်လျောက်ပတ် ကောင်းမြတ်ဖွယ်ရာသော အရသာဆွမ်းများလှူဒါန်း ဆက်ကပ် ကိုးကွယ်နေလိုပါကြောင်း လျှောက်ထားသည်ကို လက်မခံခဲ့။

အင်္ဂလိပ်လက်အောက် ကျရောက်နေသည့် အောက်မြန်မာနိုင်ငံတွင် မြန်မာတိုင်းရင်းသားများ ဘာသာ သာသနာ ရိုးရာယဉ်ကျေးမှုပါ ကွယ်ပျောက်မှာစိုးသဖြင့် ကျေးလက်တောရွာ သာသနာပြု မဟာခရီးကြီးကို စတင် ခဲ့ခြင်းဖြစ်သည်။ ယင်းမဟာခရီးကြီးကား ရှည်လျားလှသည်။ အဘယ်အထိ ရှည်လျားသနည်းဟူမူ အသက် ထက်ဆုံးဖြစ်သတည်။

ဆရာတော်၏ဘ၀အစ
ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးကို တရားသူကြီး ခုံတော် ဦးအောင်မင်း၊ ဒေါ်ဂျမ်းဘုံ တို့မှ မြန်မာသက္ကရာဇ် ၁၁၇၉ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် (2-10-1817) ကြာသပတေးနေ့ နံနက် ရောင်နီလာချိန်တွင် ရွှေတောင်မြို့၊ ကျီးသဲရှမ်းတန်းလေးရပ်၌ မီးရှုးသန့်စင် ဖွားမြင်တော်မူသည်။

တောကင်း နိမိတ်ပြ
လေးထပ်ဆရာတော်လောင်းလျာ ဖွားမြင်ပြီး တစ်လသားအရွယ် နေ့လည် ပုခက်အတွင်း၌ အိပ်နေစဉ် တောကင်း (ကင်းခြေများ)ကြီး နှစ်ကောင် ရောက်ရှိလာကာ ပုခက်ဘောင်ပေါ် လှည့်ပတ်စောင့်ရှောက်သည်ကို တွေ့ကြရ သည်။ မောင်းထုတ်ပစ်သော်လည်း မသွားသဖြင့် ကြည့်နေကြရသည်။ ၄င်းကို အကြောင်းပြု၍ ငယ်နာမည် မောင်ကင်း ဟုမှည့်ခေါ်ခဲ့ကြသည်။

ကျောင်းသားဘဝ
ဆရာတော် ကိုးနှစ်သားအရွယ် ကျီးသဲအရှေ့ဘက် တာနှစ်ရွာအကွာ ရွာသာရွာ သစ်နီတောကျောင်းတိုက် ဆရာတော် ဦးပညာသာမိ ထံ အပ်နှံ၍ ပညာသင်စေသည်။ ကျောင်းအပ်ပြီး မကြာမီပင် သင်ပုန်းကြီး ဆယ်စောင် တွဲကို သင်ကြား တတ်မြောက်သည်။
ဥာဏ်ပညာ အထူးထက်မြက်ပြီး စာတော်သော၊ ကြိုးစားသော ကျောင်းသားဖြစ်သဖြင့် ဆရာတော် ဦးပညာသာမိ က အရေးပေးသည်။ ချစ်ခင်သည်။ မြှောက်စားသည်။ ၁၁ နှစ်သား၌ ကစ္စည်းကျမ်း၊ သင်္ဂဟကျမ်းများကို ကျွမ်းကျင်စွာ တတ်မြောက်တော်မူသည်။

(ဆက်ရန်) >>>>>>

0 comments:

Post a Comment

.