Monday, January 11, 2010

ငရဲဒုက္ခ ကြီးမားလှ

အခါတစ်ပါးမှာ ဘုရားရှင်ဟာ သ၀တ္ထိပြည်၊ ဇေတ၀န်ရွှေကျောင်းမှာ စံတော်မူစဉ် ရဟန်းတို့ကိုခေါ်တော်မူပြီး “ချစ်သားတို့ ငရဲ၌ဖြစ်တဲ့ ဆင်းရဲတို့ကို ဥပမာပြုပြီး ဟောပြောဖို့ မလွယ်ကူလှပါ”လို့ မိန့်ကြားတော်မူပါတယ်။ ဒီအခါ ရဟန်းတစ်ပါးက “ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ ဥပမာပြခြင်းငှာ တတ်နိုင်ကောင်း ပါရဲ့လားဘုရား လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က “တတ်နိုင်ကောင်းပါတယ်” လို့ အမိန့်ရှိတော်မူပြီး ငရဲဒုက္ခကို ဥပမာပြု၍ ပြတော် မူခဲ့ပါတယ်။

လူ့ပြည်မှာ သူခိုးတစ်ယောက်ကို ဖမ်းမိတယ်ဆိုပါစို့။ အဲ့ဒီသူခိုးကို အပြစ်စီရင်တဲ့ အနေနဲ့ နံနက်ပိုင်းမှာ လှံအချက် ပေါင်း တစ်ရာထိုးကြတယ်။ သူခိုးဟာ မချိမဆန့်ခံရပြီး နေမွန်းတည့် အချိန်အထိ မသေသေးယင် ထပ်မံပြီး လှံ အချက်ပေါင်းတစ်ရာ ထိုးကြပြန်ပါတယ်။ အဲ့ဒီလှံအချက်ပေါင်း နံနက် တစ်ရာ၊ နေ့လည်တစ်ရာ စုစုပေါင်း နှစ်ရာ အထိုးခံရပြီး အလူးအလဲ ဒုက္ခဝေဒနာ ခံစားနေရလို့ မသေသေးယင် ညနေမှာ လှံအချက်ပေါင်းတစ်ရာ ထပ်ပြီး ထိုးကြပြန်တယ်။ အားလုံးလှံအချက်ပေါင်း သုံးရာရှိသွားပြီ။

ဘုရားရှင်က “ချစ်သားတို့ ထို ခိုးသူယောက်ျားသည် လှံအချက်ပေါင်း သုံးရာတို့ဖြင့် ထိုးအပ်သည်ရှိသော် ထို ထိုးခြင်းဟူသော အကြောင်းကြောင့် ဒုက္ခဒေါမနဿကို ခံစားရအံ့လော” ဟု မေးတော်မူပါတယ်။ ရဟန်းတို့က “ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား၊ တစ်ကြိမ်ထိုးအပ်သော လှံအချက်ဖြင့်ပင် ထိုခိုးသူယောက်ျားသည် လှံဖြင့်ထိုးခြင်းဟူသောအကြောင်းကြောင့် အတိုင်းမသိသော ဒုက္ခ ဒေါမနဿကို ခံစားရ၏။ သုံးရာသော လှံချက် တို့ဖြင့်ကား ဆိုဖွယ် အဘယ်ရှိအံ့နည်း” လို့ လျှောက်ထားကြပါသည်။

ဒီအခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မြေပေါ်မှ ကျောက်ခဲငယ်တစ်လုံးကို ကောက်ယူတော်မူပြီး “ ချစ်သားတို့ ဒီကျောက်ခဲနဲ့ ဟိမ၀ါတောင်မင်းဟာ ဘယ်ဟာက ကြီးမားပါသလဲ” လို့ မေးတော်မူပါတယ်။ ရဟန်းများက “အရှင် ဘုရား ဒီကျောက်ခဲဟာ သေးငယ်လှပါတယ်။ ကြီးမားလှတဲ့ ဟိမ၀ါတောင်မင်းနဲ့ မနှိုင်းယှဉ်လောက်ပါ” လို့ ဆိုကြ ပါတယ်။ ဒီအခါ ဘုရားရှင်က “ချစ်သားတို့၊ ဤအတူပင် လှံချက်သုံးရာတို့ဖြင့် ထိုးအပ်သော ထို ခိုးသူယောက်ျား ၏ ဒေါမနဿသည် ငရဲ၌ဖြစ်သော ဒုက္ခနှင့် နှိုင်းယှဉ်ပြီး မရေတွက်လောက်ပေ” လို့မိန့်ကြားတော်မူပါတယ်။
(ဗာလပဏ္ဍိတသုတ်)

ဒါကြောင့် ငရဲဘုံဘ၀မှာ ငရဲဒုက္ခတွေဟာ အင်မတန်ကြီးမားလှတာတွေကို သံဝေဂယူပြီး မိမိတို့ကိုယ်ကို သူဌေးသား (၄)ယောက်လို၊ ဒဏ္ဍာရီမင်းလို၊ မလ္လိကာလို၊ ရွဲထွင်းသမားလို ငရဲသို့ မလားကြရလေအောင် မကောင်းမှု အကုသိုလ်တွေကို ရှောင်ရှားပြီး ကောင်းမှုကုသိုလ်တရားတွေကို အစဉ်ပွားများ ဆောင်ထားသင့်ကြ ပါတော့တယ်။

“ငရဲဘုံဘ၀ ညွှန်းပြကဗျာ”
အကုသိုလ်ကံ အပြစ်များကြောင့်၊ ငရဲဘုံသားဖြစ်ရတယ်
ငရဲကြီးတွေဟာ ရှစ်ထပ်ရှိသကွဲ့၊ အမြဲပြည့်ကြပ်နေပါတယ်
ငရဲငယ်များဟာ ခြံရံထားလို့၊ လွတ်ဖို့များတော့ မလွယ်ဘူးကွယ်
အကုသိုလ်ကံတွေ မကုန်မချင်းတော့၊ ငရဲတွင်းမှာ နစ်ရမယ်
မီးခိုးမီးလျှံ သံချွန်ဓားနဲ့၊ သံရည်ပူများ ကြောက်စဖွယ်
နှစ်ပေါင်းကုဋေကုဋာ လူ့အသက်ရှိမှ၊ ငရဲတစ်ရက်ပြည့်ပါတယ်
ငရဲဆိုတာ အမှန်ရှိသကွဲ့၊ မယုံမရှိနဲ့ ဘုရားဟောကွယ်
ဒုစရိုက်ကံတွေ မပြုမှားရအောင်၊ သတိထားလို့ ရှောင်ကြကွယ်
မှတ်ကွယ်........ မှတ်ကွယ်...။

0 comments:

Post a Comment

.