Sunday, January 17, 2010

အပါယ်မလားသောကုသိုလ်များ

ပုထုဇဉ်တိုင်း အရိယာမဖြစ်ခင်စပ်ကြား အပါယ်မလားစေရန် အားကိုးစရာ ကွန်းထောက်တစ်ခုအနေဖြင့် အင်္ဂုတ္တိုရ် အဌကထာ၌ အပါယ်မလားသောကုသိုလ်(၇)မျိုးကို ဖွင့်ပြထားသည်။ သီတဂူဆရာတော် အရှင်ဥာဏိဿရက လွယ်ကူစွာမှတ်ယူနိုင်ရန် လင်္ကာလေးသီပြထားသည်မှာ>>>>>

အပါယ်မလားသော ကုသိုလ်များ
ရတနာရွဲလုံး၊ ပုလဲကုံးစိန်စီ
မြဲအသုံးသမင်္ဂီငယ်၊ ပဉ္စသီနေ့တိုင်း
နိဗဒ္ဓမဝေးလံ၊ စာရေးတန်ဆွမ်းဝတ်ရက်ပိုင်း
ဝါသင်္ကန်း မသွေမှန် ရေတစ်ကန်နက်ရှိုင်း
အနေတန်ခက်အကိုင်းရယ်နဲ့
ယှက်သိုင်းတဲ့ကျောင်းငယ်
သည်ခုနစ်ခုအိမ်ကာလစွဲ
ဒါနမြဲသုံးဆောက်တည်ဘွယ်
သောတာပန်ဇာတ်အနွယ်
အမြတ်နယ်ခိုမှီးလို့
ဟိုအသီးသုံးတိုက်တစ်သူ
ဆုံးအမြိုက်ယူ
ရေဒါနသီတဂူငယ်
အရည်တူလှူမြဲကွယ့်လေး။
ဟူ၍ဖြစ်၏။ လင်္ကာ၏ စကားပြေမှာ
(၁) သရဏဂုံသုံးပါးစွဲမြဲသူ
(၂) ငါးပါးသီလ လုံခြုံသူ
(၃) အရုဏ်ဆွမ်း နေ့ဆွမ်း နေ့စဉ်လှူသူ
(၄) စရေးတံမဲလှူဒါန်းသူ
(၅) ၀ါဆိုသင်္ကန်းလှူသူ
(၆) ရေတွင်း၊ ရေကန်လှူသူ
(၇) သံဃိကကျောင်းလှူသူ
ဤ ကုသိုလ်ရှင်များသည် သေသောအခါ အပါယ်မကျနိုင်ဟု ဆိုလို၏။ ထို့ကြောင့် ၀ိပဿနာတရားကို မရှုပွားနိုင် သေးသော ပုထုဇဉ်မှန်လျှင် ယင်းကုသိုလ်(၇)မျိုးလုံးဖြစ်စေ၊ (၂)မျိုး၊ (၃)မျိုးဖြစ်စေ၊ အနည်းဆုံး(၁)မျိုးဖြစ်စေ စွဲမြဲ မည်ဆိုလျှင် အပါယ်ဘေးမှ ကင်းဝေးပေလိမ့်မည်။

မေတ္တာရှင်(ရွှေပြည်သာ) ဘ၀နှင့်ရင်းရသော အတွေအမြင်များစာအုပ်မှ

Saturday, January 16, 2010

ကျီးသဲလေးထပ်ဆရာတော်အား ဘုရင်က နေပြည်တော်သို့ ပင့်ပြီ

၁၈၅၂ ခုနှစ်၊ ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားပြီးနောက် အောက်မြန်မာနိုင်ငံ တစ်ခုလုံး နယ်ချဲ့ မိစ္ဆာတို့လက် ကျရောက်သွားကာ အပျော်အပါးတွင်သာ စိတ်ဝင်စားနေသော ပုဂံမင်းလည်း နန်းကျပြီး ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာသည်။

မင်းတုန်းမင်းသည် ၁၈၆၀ ပြည့်နှစ်တွင် မန္တလေး ရတနာပုံမြို့သစ် နန်းသစ်ကိုတည်၍ ရွှေ့ပြောင်းစံမြန်းခဲ့သည်။ သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်သော မင်းတုန်းမင်းကြီးသည် ၁၂၃၃ (၁၈၇၁) ခုနှစ်တွင် ပိဋကတ်သုံးပုံတို့ကို ပဉ္စမသင်္ဂါယနာ တင်တော်မူသည်။ ဘုရားဟော ပိဋကတ်သုံးပုံတို့ကို ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကျောက်ထွင်း ကမ္ပည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် အုတ်ဂူဘုရား ၇၂၉ ခုအတွင်း၌ စိုက်ထား ကိုးကွယ် သာသနာပြုခဲ့သည်။ အခြားသာသနာပြု ကုသိုလ်ကောင်းမှုများစွာကိုလည်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။

Read more...

Tuesday, January 12, 2010

ဒုဋ္ဌဂါမဏိပြဇာတ်ရေး၍ တိုင်းပြည်သို့ သတိပေး

အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် မြန်မာနိုင်ငံကို မတရားစစ်ပြုခဲ့ကြသည်။ ထို့ကြောင့် ပထမအကြိမ်တွင် ရခိုင်နှင့် တနင်္သာရီဒေသတို့ကို ဆုံးရှုံးလက်လွတ်ခဲ့ရသည်။ ဒုတိယအကြိမ်တွင် ပဲခူးနယ်(ပဲခူးတိုင်း)မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံး လက်လွတ်ဆုံးရှုံးရကာ နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက် ကျရောက်ခဲ့ရသည်။

ထို့ကြောင့် ကျီးသဲလေးထပ်ဆရာတော်သည် ဒုဋ္ဌဂါမဏီပြဇာတ်ကို ရေးသား၍ တိုင်းသူပြည်သားတို့ နိုးကြားအောင် ဆောင်ရွက်တော်မူခဲ့သည်။ ၄င်းပြဇာတ်မှာ သာသနာ၏ အန္တရာယ် ရန်ဆူးရန်ငြောင့်များဖြစ်သော ကျေးတစ်ဆယ့် ခြောက်ပြည်ထောင်တို့ကို တိုက်ခိုက်နှိမ်နှင်း သုတ်သင်ပြီး သာသနာပြုမင်း ဒုဋ္ဌဂါမဏီအကြောင်း ရေးသားထား သည့် ပြဇာတ်ဖြစ်သည်။ စင်စစ် ကျီးသဲလေးထပ် ဆရာတော်သည် ဒုဋ္ဌဂါမဏီပြဇာတ်ကိုရေး၍ တိုင်းပြည်အား အလေးအနက် သတိပေးခဲ့ခြင်းဖြစ်သည်။

နှောင်းလူတို့က ဒုဋ္ဌဂါမဏီပြဇာတ်ကို ရုပ်စုံရောင်စုံ ပန်းချီကားကြီးများရေးဆွဲ၍ ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ကိုးကွယ်ခဲ့သော ရွှေတောင်မြို့ ရွှေနတ်တောင် စေတီတော်မြတ်ကြီး၏ အနောက်ဘက် စောင်းတန်း တွင် ချိတ်ဆွဲထားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း မပျက်မစီး အကောင်းပကတိအတိုင်းရှိသေး သော ၄င်းပန်းချီကားကြီးများကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးသည်။

ကျီးသဲလေးထပ် ဆရာတော်၏ အကျော်ကြားဆုံးကျမ်း

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးသည် စာသင်သားသံဃာများအား စာပေပို့ချခြင်း၊ ၀ိပဿနာတရား အားထုတ်ခြင်း၊ ရံဖန်ရံခါတွင် အရပ်ရပ်ပတ်ဝန်းကျင်မှ လာရောက်မေးမြန်းလျှောက်ထားကြသည့် အမေးပုစ္ဆာများကို ပြန်လည်ဖြေကြားတော်မူခြင်း၊ ကျမ်းစာအမျိုးမျိုးရေးသားပြုစုခြင်းတို့ကို မပြတ်မလပ် အားထုတ်တော်မူခဲ့သည်။ ထို ကျမ်းများအနက် အကျော်ကြားဆုံးကျမ်းကား “ဇိနတ္ထပကာသနီကျမ်း”ဖြစ်သည်။ ၄င်းကျမ်းကို ဆရာကြီး ဦးရန်ကင်း ၏ ပန်ကြားမှုကြောင့် ရေးဖြစ်ခဲ့သည်။ ဇိနတ္ထပကာသနီသည် ဗုဒ္ဓ၏ဖြစ်စဉ် ဗုဒ္ဓ၀င်ကို ရေးသားပြုစုထားသည့် ကျမ်း ဖြစ်သည်။ အခြားဗုဒ္ဓ၀င်ကျမ်းများစွာရှိသည်။ သို့ရာတွင် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ ဇိနတ္ထပကာသနီ လောက် လူကြိုက်မများပေ။

ဇိနတ္ထပကာသနီကား မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ အိမ်တိုင်းလိုလိုတွင်ရှိသော စာအုပ်စင်များ၌ ထိပ်တန်း နေရာကို ရယူလျှက်ရှိသည့် ကျမ်းစာအုပ်ဖြစ်သည်။ မည်သည့် ဗုဒ္ဓ၀င်စာအုပ်မျှ ဇိနတ္ထပကာသနီကို မကျော်လွှား နိုင်သေးပေ။ ထိုသို့ဖြစ်ရခြင်းမှာ ဇိနတ္ထပကာသနီသည် ဗုဒ္ဓ၀င်ကြောင်းနှင့် ပတ်သက်၍ အကြောင်းအရာစုံသည့် အပြင် လူထဲသို့ ထွင်းဖောက် တိုးဝင်နိုင်သည့် ဝေါဟာရ စကားလုံးတို့ဖြင့် ရေးသားပြုစုထားသောကြောင့် ဖြစ်သည်။

ဇိနတ္ထပကာသနီ ရေးသားဟန်မှာ ခံ့ညားမှု၊ သက်ညောမှု၊ လွယ်ကူမှု၊ မြန်မာဆန်မှုတို့ဖြင့် ထုံမွှမ်းနေပေသည်။ ဇိနတ္ထပကာသနီသည် မြန်မာစာအုပ်လောကထဲတွင် အတွင်ကျယ်ဆုံး၊ လူသိအများဆုံး၊ အပျံ့နှံ့ဆုံး စာအုပ် တစ်အုပ်ဖြစ်သည်။ ပိဋကတ်စာပုံနှိပ်တိုက်ကြီးများမှ သရုပ်ဖော်ပုံများနှင့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်မှာ အကြိမ် ပေါင်းမနည်းတော့ပေ။ အုပ်ရေပေါင်းလည်း များလှပြီ။ ယနေ့အထိ အကြိမ်ကြိမ် ရိုက်နှိပ်နေဆဲ။ စောင်ရေပေါင်း သန်းချီနေပြီ။ ရောင်းမလောက်သော စာအုပ်ဖြစ်သည်။ ဇိနတ္ထပကာသနီကို တက္ကသိုလ် ကျောင်းသုံးစာအုပ်အ ဖြစ်နှင့်လည်း ပြဌာန်းခဲ့ဖူးပေသည်။ (၀ိဇ္ဇာတန်းတွင် ပြဌာန်းခဲ့သည်)။

ဆရာတော်ကြီး၏ အခြားကျမ်းများသည်လည်း ထူးခြားပြောင်မြောက်စွာ အရေးကောင်းသောကြောင့် မြန်မာ့ နည်း မြန်မာ့ဟန်နှင့် ဆရာတော်၏ပင်ကိုယ်ဟန်များ ထူးခြားကောင်းမွန်မှုတို့ကြောင့် အထူးအောင်မြင်လှပေ သည်။

၁၂၂၇ ခုနှစ်တွင် ရေးသားပြုစုခဲ့ပြီးသော စွယ်စုံကျော်ထင် အဖြေကျမ်းသည် လေးထပ်ဆရာတော်ဘုရားကြီး၏ မသိတာမရှိအောင် ကြီးမားများပြားလှသည့် မ,တစ်လုံးကျေ ပညာပါရမီ ကြီးရင့်မှုကို ပြသနေပေသည်။ စွယ်စုံ ကျော်ထင်ကျမ်း၏ အမေးပုစ္ဆာရှင်မှာ ပခုက္ကူမြို့နယ် ကြည့်ကန်ရွာတွင် ၁၁၁၉ ခုနှစ်၌ ဖွားမြင်သည့် ပညာရှိ အကျော်အမော် “ ကြည့်ကန်ရှင်ကြီး” ခေါ် ရှင်နန္ဒဓဇဖြစ်သည်။ ၄င်း ကြည့်ကန်ရှင်ကြီးသည် ၁၁၇၃ခုနှစ်တွင် ပျံလွန်တော်မူသည်။

သို့သော် ကြည့်ကန်ရှင်ကြီး အမေးပုစ္ဆာပြုထားခဲ့သည့် စွယ်စုံကျော်ထင်မှ သံပေါက်လင်္ကာ အမေးပုစ္ဆာ (၁၁၁၇) ပုဒ်တို့ကို အမေးပုစ္ဆာရှင် ကြည့်ကန်ရှင်ကြီး ပျံလွန်တော်မူပြီးနောက် နှစ်ပေါင်း(၅၀)ကျော်သည့်တိုင်အောင် မည်သူမျှ အောင်အောင်မြင်မြင် မဖြေနိုင်ခဲ့ချေ။ လက်တည့်စမ်း ဖြေကြည့်ပြီး မပြေ၍ လက်လျှော့ထားခဲ့ကြသည် များကိုသာ တွေ့ခဲ့ကြရသည်။

၁၁၇၃ ခုနှစ်တွင် ကြည့်ကန်ရှင်ကြီး ပျံလွန်တော်မူပြီးနောက် ၁၁၇၉ခုနှစ်ရောက်မှ ဖွားမြင်တော်မူလာသည့် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက အကောင်းဆုံးပြီးမြောက်အောင်မြင်အောင် (သီတင်းသုံးဖော် သံဃာတော်တို့၏တောင်းပန်မှုကို သနားကရုဏာပြုလျက်) ၁၂၂၇ခုနှစ်တွင် ရေးသားပြုစု ပြီးစီးတော်မူခဲ့သည်။

သည်လောက် နက်နဲခက်ခဲလှသည့် လောကီ လောကုတ္တရာ နှစ်ဖြာအကျိုးရှိမည့် မှတ်စရာအထွေထွေကို ကျမ်း အစောင်စောင်မှ ထုတ်နှုတ်၍ မေးခွန်း တစ်ထောင့်တစ်ရာကျော်အောင်မေးသည့် ကြည့်ကန်ရှင်ကြီးကလည်း မေးနိုင်ပါပေသည်။ ဖြေသည့် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးကလည်း မှတ်လောက်သားလောက်အောင် ကျမ်းအစောင်စောင်မှ ထုတ်ဖော်ပြီး လက်စွမ်းပြ ဖြေနိုင်တော်မူပါပေသည်ဟု ပညာရှင်အပေါင်းတို့က မှတ်ချက် ပြုခဲ့ကြရသည်။

စွယ်စုံကျော်ထင် ကျမ်းပြီးနိဂုံးတွင် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ ဘုရားဆုပန်သော ပထျာကို အထူး တွေ့ရပေသည်။
“အဟံ-ငါသည် အနေန ပုညေန- ဤ ဝေရာကရုဏ်းကျမ်းကို ပြုညွှန်းစီရင်ရသော ကောင်းမှုကြောင့်။ အနာဂ တေ- နောင်သောအခါ၌၊ အသေသဉာဏော- အကြွင်းမထင် သိမြင်နိုင်သော ပညာရှိသော၊ အတုလဂုဏဒ္ဓရော သူမတူနိုင် ကြီးခိုင်မြင့်မြတ်သော ဂုဏ်ကျေးဇူးကိုဆောင်သော။ ဇိနဗ္ဘာဝေါ- ငါးမာရ်ပယ်ရှား ဘုရား၏အဖြစ်သည်၊ ဟုတွာ-ဖြစ်၍၊ သဒေ၀ကံ-နတ်နှင့်တကွသော လူအပေါင်းကို။ တာရေမိ-သံသရာနယ် မြစ်ပင်လယ်မှ ရှစ်သွယ် မဂ္ဂင် ဖောင်လင်းယာဉ်ဖြင့် ခေမင်္ဂတံ - ပြည်နိဗ္ဗာန်သို့ အမြန်ကယ်တင်ရပါလို၏” ဟု ပါရှိပါသည်။


ဦးပုညသို့ မေတ္တာစာ
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးသည် ပန်းတောင်းမြို့တွင် သီတင်းသုံးနေခိုက် စလေဦးပုညထံ မေတ္တာစာ တစ်စောင် ပေးပို့ခဲ့သည်။ ထိုစဉ်က စလေဦးပုညမှာ စလေမြို့ ဒက္ခိဏာဝံသကျောင်းတိုက်၌ သီတင်းသုံးနေသော ရှင်သာမဏေဖြစ်ပြီး ကျီးသဲလေးထပ် ဆရာတော်မှာ မုနိန္ဒာဘိဓဇ အမည်ဖြင့် ထင်ရှားကျော်ကြားနေသော မထေရ်တစ်ပါးဖြစ်နေလေပြီ။ လေးထပ်ဆရာတော်က စလေဦးပုညအား “ညီတော်” ဟူ၍ခေါ်ပြီးလျှင် ညီတော်၏ ပညာဂုဏ် သတင်းကို ကြားရကြောင်း၊ ညီတော်နှင့် မိသင်္ဂဟဖြစ်လိုကြောင်း၊ ယခုအခါ နောင်တော်တွင် ပါဒရက်ရောဂါ ဖိစီးနှိပ်စက်နေသည်ဖြစ်၍ ဆေးကုစွမ်းရည် ထက်လှသော ညီတော်ထံတွင် ဆေးနည်းကောင်း များရှိလျှင် နောင်တော်အား ကြားသိစေလိုကြောင်း စသည်ဖြင့် မေတ္တာစာတစ်ပုဒ် ရေးပေးလိုက်လေသည်။ ထိုမေတ္တာစာသည် “ကျီးသဲလေးထပ် မေတ္တာစာ”တွင် ပါရှိသည်။

ပညာရှင်တစ်ဦးထံ ပေးသည့် မေတ္တာစာဖြစ်၍လားမသိ၊ ထိုမေတ္တာစာသည် ရိုးရိုးမေတ္တာစာမဟုတ်ဘဲ ပါဠိစကား လုံးများကို အဓိကသုံးပြီး ရေးထားသည့် မေတ္တာစာဖြစ်သည်။ ထိုသို့ လေးထပ်ဆရာတော်ကြီး ရေးသားထားခဲ့ သော မေတ္တာစာပုဒ်ရေပေါင်း (၂၂)ပုဒ်ရှိသည်ကို တွေ့ရသည်။

Monday, January 11, 2010

ငရဲဒုက္ခ ကြီးမားလှ

အခါတစ်ပါးမှာ ဘုရားရှင်ဟာ သ၀တ္ထိပြည်၊ ဇေတ၀န်ရွှေကျောင်းမှာ စံတော်မူစဉ် ရဟန်းတို့ကိုခေါ်တော်မူပြီး “ချစ်သားတို့ ငရဲ၌ဖြစ်တဲ့ ဆင်းရဲတို့ကို ဥပမာပြုပြီး ဟောပြောဖို့ မလွယ်ကူလှပါ”လို့ မိန့်ကြားတော်မူပါတယ်။ ဒီအခါ ရဟန်းတစ်ပါးက “ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ ဥပမာပြခြင်းငှာ တတ်နိုင်ကောင်း ပါရဲ့လားဘုရား လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က “တတ်နိုင်ကောင်းပါတယ်” လို့ အမိန့်ရှိတော်မူပြီး ငရဲဒုက္ခကို ဥပမာပြု၍ ပြတော် မူခဲ့ပါတယ်။

လူ့ပြည်မှာ သူခိုးတစ်ယောက်ကို ဖမ်းမိတယ်ဆိုပါစို့။ အဲ့ဒီသူခိုးကို အပြစ်စီရင်တဲ့ အနေနဲ့ နံနက်ပိုင်းမှာ လှံအချက် ပေါင်း တစ်ရာထိုးကြတယ်။ သူခိုးဟာ မချိမဆန့်ခံရပြီး နေမွန်းတည့် အချိန်အထိ မသေသေးယင် ထပ်မံပြီး လှံ အချက်ပေါင်းတစ်ရာ ထိုးကြပြန်ပါတယ်။ အဲ့ဒီလှံအချက်ပေါင်း နံနက် တစ်ရာ၊ နေ့လည်တစ်ရာ စုစုပေါင်း နှစ်ရာ အထိုးခံရပြီး အလူးအလဲ ဒုက္ခဝေဒနာ ခံစားနေရလို့ မသေသေးယင် ညနေမှာ လှံအချက်ပေါင်းတစ်ရာ ထပ်ပြီး ထိုးကြပြန်တယ်။ အားလုံးလှံအချက်ပေါင်း သုံးရာရှိသွားပြီ။

ဘုရားရှင်က “ချစ်သားတို့ ထို ခိုးသူယောက်ျားသည် လှံအချက်ပေါင်း သုံးရာတို့ဖြင့် ထိုးအပ်သည်ရှိသော် ထို ထိုးခြင်းဟူသော အကြောင်းကြောင့် ဒုက္ခဒေါမနဿကို ခံစားရအံ့လော” ဟု မေးတော်မူပါတယ်။ ရဟန်းတို့က “ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား၊ တစ်ကြိမ်ထိုးအပ်သော လှံအချက်ဖြင့်ပင် ထိုခိုးသူယောက်ျားသည် လှံဖြင့်ထိုးခြင်းဟူသောအကြောင်းကြောင့် အတိုင်းမသိသော ဒုက္ခ ဒေါမနဿကို ခံစားရ၏။ သုံးရာသော လှံချက် တို့ဖြင့်ကား ဆိုဖွယ် အဘယ်ရှိအံ့နည်း” လို့ လျှောက်ထားကြပါသည်။

ဒီအခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မြေပေါ်မှ ကျောက်ခဲငယ်တစ်လုံးကို ကောက်ယူတော်မူပြီး “ ချစ်သားတို့ ဒီကျောက်ခဲနဲ့ ဟိမ၀ါတောင်မင်းဟာ ဘယ်ဟာက ကြီးမားပါသလဲ” လို့ မေးတော်မူပါတယ်။ ရဟန်းများက “အရှင် ဘုရား ဒီကျောက်ခဲဟာ သေးငယ်လှပါတယ်။ ကြီးမားလှတဲ့ ဟိမ၀ါတောင်မင်းနဲ့ မနှိုင်းယှဉ်လောက်ပါ” လို့ ဆိုကြ ပါတယ်။ ဒီအခါ ဘုရားရှင်က “ချစ်သားတို့၊ ဤအတူပင် လှံချက်သုံးရာတို့ဖြင့် ထိုးအပ်သော ထို ခိုးသူယောက်ျား ၏ ဒေါမနဿသည် ငရဲ၌ဖြစ်သော ဒုက္ခနှင့် နှိုင်းယှဉ်ပြီး မရေတွက်လောက်ပေ” လို့မိန့်ကြားတော်မူပါတယ်။
(ဗာလပဏ္ဍိတသုတ်)

ဒါကြောင့် ငရဲဘုံဘ၀မှာ ငရဲဒုက္ခတွေဟာ အင်မတန်ကြီးမားလှတာတွေကို သံဝေဂယူပြီး မိမိတို့ကိုယ်ကို သူဌေးသား (၄)ယောက်လို၊ ဒဏ္ဍာရီမင်းလို၊ မလ္လိကာလို၊ ရွဲထွင်းသမားလို ငရဲသို့ မလားကြရလေအောင် မကောင်းမှု အကုသိုလ်တွေကို ရှောင်ရှားပြီး ကောင်းမှုကုသိုလ်တရားတွေကို အစဉ်ပွားများ ဆောင်ထားသင့်ကြ ပါတော့တယ်။

“ငရဲဘုံဘ၀ ညွှန်းပြကဗျာ”
အကုသိုလ်ကံ အပြစ်များကြောင့်၊ ငရဲဘုံသားဖြစ်ရတယ်
ငရဲကြီးတွေဟာ ရှစ်ထပ်ရှိသကွဲ့၊ အမြဲပြည့်ကြပ်နေပါတယ်
ငရဲငယ်များဟာ ခြံရံထားလို့၊ လွတ်ဖို့များတော့ မလွယ်ဘူးကွယ်
အကုသိုလ်ကံတွေ မကုန်မချင်းတော့၊ ငရဲတွင်းမှာ နစ်ရမယ်
မီးခိုးမီးလျှံ သံချွန်ဓားနဲ့၊ သံရည်ပူများ ကြောက်စဖွယ်
နှစ်ပေါင်းကုဋေကုဋာ လူ့အသက်ရှိမှ၊ ငရဲတစ်ရက်ပြည့်ပါတယ်
ငရဲဆိုတာ အမှန်ရှိသကွဲ့၊ မယုံမရှိနဲ့ ဘုရားဟောကွယ်
ဒုစရိုက်ကံတွေ မပြုမှားရအောင်၊ သတိထားလို့ ရှောင်ကြကွယ်
မှတ်ကွယ်........ မှတ်ကွယ်...။

ဗုဒ္ဓ FM ကို (၂၄) နာရီပတ်လုံး Online မှ စတင်ထုတ်လွှင့်

ဗုဒ္ဓဘာသာဝင်တိုင်း၏ ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို တနေရာတည်းတွင် အလွယ်တကူ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက်အသစ်များဖြင့် ယနေ့မှစ၍ စတင်အသံလွှင့်နေပြီ ဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြားသည်။

၎င်းက “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာစာရက လက်ရှိသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှတဆင့် စမ်းသပ်ကာလအဖြစ် ဒီဇင်ဘာလလယ်ပိုင်း ကတည်းက စတင်ထုတ်လွှင့်ခဲ့ရာ ယခုအခါ ဘာသာရပ် (၈) မျိုးဖြင့် ရွတ်ဆိုပူဇော်ထားသည့် ဓမ္မတေးများနှင့် တရားတော်များကို (၂၄) နာရီပတ်လုံး ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။

အရှင်မေတ္တာစာရက “အသံလွှင့်ဖို့ Volunteer အနေနဲ့ (၁၃) ယောက် ဝင်ကူပေးနေတယ်။ နောက်ထပ် အစီအစဉ်တွေကို ကဏ္ဍအလိုက် ခွဲပြီးတဲ့အချိန်ကျရင် လူ (၂၀) ကျော်တော့ လိုအပ်မယ်။ အခုလွှင့်တဲ့အထဲမှာ ဗမာနဲ့အင်္ဂလိပ်ဘာသာကို အဓိကထားပေမယ့် ထိုင်း၊ မလေး၊ အိုမန်၊ သီရိလင်္ကာ၊ တရုတ် စတဲ့ဘာသာတွေနဲ့ ဓမ္မပူဇာတေးတွေလည်း ပါတယ်” ဟု မိန့်သည်။

တနေ့တခြား နားဆင်သူ များပြားလာခြင်းကြောင့် ဆာဗာ ထပ်မံ တိုးချဲ့ရန်ရှိပြီး ဝက်ဘ်ဆိုက်များတွင် ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်သစ်၊ ခေတ်ဟောင်းဓမ္မတေးများ၊ တရားတော်များကို ပဋ္ဌာန်း၊ ပရိတ်၊ သုတ္တန်၊ အင်္ဂလိပ်၊ ဝိပဿနာ ဟူ၍ ကဏ္ဍအလိုက် ခွဲခြားတင်ထားပြီး နောက်ပိုင်းတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ Online ဆွေးနွေးပွဲများနှင့် တရားပွဲ အစီအစဉ်များကိုလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း သိရသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟောသီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

ဗုဒ္ဓ FM သည် ဗုဒ္ဓသာသနာ တိုးတက်အောင် လုပ်ဆောင်နေခြင်းသာဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်က ပိတ်ပင်တားမြစ် လိမ့်မည်ဟု မထင်ကြောင်း၊ ၎င်း၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များကိုလည်း ပြည်တွင်းတွင် ဖတ်ရှု၍ရကြောင်း အရှင်မေတ္တာစာရက မိန့်ဆိုသည်။

တည်ထောင်သူ အရှင်မေတ္တာစာရသည် ၂၀၀၉ ၏ အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆု ရရှိထားသူ မြန်မာသံဃာတော်တပါး ဖြစ်ပြီး University of Mumbai တွင် Society, Government and other Socio-Political Principles ခေါင်းစဉ်ဖြင့် ဒေါက်တာဘွဲ့အတွက် စာတမ်းရေးသားနေသူ ဖြစ်သည်။

ကျီးသဲလေးထပ် ဆရာတော်ဟုထင်ပေါ်ကျော်ကြားခြင်း

လေးထပ်ကျောင်းတော်ကြီးတွင် ကျောင်းထိုင်သည်က စတင်၍ ဆရာတော်ကြီး ပြုစုရေးသားသမျှ စာပေ၊ ကဗျာ၊ မေတ္တာစာနှင့် ကျမ်းဟူသမျှတွင် “ကျီးသဲလေးထပ်ဆရာတော်” ဟု ကလောင်အမည် တပ်တော်မူခဲ့သည်။ လာလာ သမျှ စာသင်သားတို့ကိုလည်း စာဝါများ ပို့ချပေးတော်မူသည်။ လေးထပ်ကျောင်းတော်ကြီး၏ ဒါယကာ သတိုးဝန်ကြီး ဦးမှုံ၊ ဆရာကြီး ဦးရန်ကင်းနှင့် အခြားပုဂ္ဂိုလ်အချို့တို့၏ လျှောက်ထားတောင်းပန်ချက်အရ ထင်ရှား ကျော်ကြားသော ကျမ်းပေါင်းများစွာကို အချိန်ပေး အလေးထား ရေးသားပြုစုတော်မူခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီး၏ အသက်တာတော်အတွင်း ပြဇာတ်၊ ပျို့၊ ကဗျာနှင့် မေတ္တာစာအပါအ၀င် ကျမ်းပေါင်း (၃၇)ကျမ်းတို့ကို (ယခုအချိန်အထိ ရှာဖွေတွေ့ရှိရသမျှ) ပြုစုရေးသားတော်မူခဲ့သည်။ ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ပြုစုရေးသားတော်မူခဲ့သော ကျမ်းများမှာ-
၁။ ဇိနတ္ထပကာသနီကျမ်း
၂။ စွယ်စုံကျော်ထင် အဖြေကျမ်း
၃။ ဒိဋ္ဌိပကာသနီကျမ်း
၎။ သီလဘေဒ ပကာသနီကျမ်း
၅။ ပဉှာဗျာကရဏကျမ်း
၆။ နိဗ္ဗာန်လမ်းပြကျမ်း
၇။ သံသ၀ိသောဓနာကျမ်း
၈။ မနောရထပူရဏီကျမ်း
၉။ ၀ိမတိစ္ဆေဒနီကျမ်း
၁၀။ မင်္ဂလတ္ထဒီပနီ နိဿယကျမ်း
၁၁။ အဘိဓမ္မတ္ထသင်္ဂဟ နိဿယကျမ်း
၁၂။ သဒ္ဒါကြီး နိဿယကျမ်း
၁၃။ က၀ိသာရဆန်းဋီကာ နိဿယကျမ်း
၁၄။ ဂန္ထ၀ံသ နိဿယကျမ်း
၁၅။ ဓမ္မဒေသနာကျမ်း
၁၆။ ဗုဒ္ဓ၀န္ဒနာကျမ်း
၁၇။ ပရိတ္တနိဒါန်းကျမ်း
၁၈။ ဘိက္ခုဝိဘင်း နိဿယကျမ်း
၁၉။ ဘိက္ခုနီဝိဘင်း ပဠိတော် နိဿယကျမ်း
၂၀။ ၀ိနည်းမဟာဝါ ပိဠိတော် နိဿယကျမ်း
၂၁။ ၀ိနည်းစူဠ၀ါ ပါဠိတော် နိဿယကျမ်း
၂၂။ ၀ိနည်းပရိဝါ ပါဠိတော် နိဿယကျမ်း
၂၃။ ကဗျာသာရတ္ထသင်္ဂဟကျမ်း
၂၄။ သဇ္ဇန၀ီလာသနီကျမ်း
၂၅။ ဆပဉ္စင်္ဂီကကျမ်း
၂၆။ သုဝီနာဗျာယကျမ်း
၂၇။ မဟာဝင်ကျမ်း
၂၈။ ပုရာဏ်ကျမ်း
၂၉။ ဓမ္မဂန်ဖတ်စာ
၃၀။ အနတ္တသုခ ဒီပနီကျမ်း
၃၁။ ဆုတောင်း ဂါထာပါဌ်ကျမ်း
၃၂။ သဟာရသပျို့
၃၃။ ဒုဌဂါမဏိပြဇာတ်
၃၄။ မောင်ထော်လေး ရေစက်ချစာတမ်း
၃၅။ ကျီးသဲမေတ္တာစာ
၃၆။ စေတီတော်အား လျှပ်စစ်မီးတပ်သင့်၊ မတပ်သင့် ၀ိနိစ္ဆယကျမ်း
၃၇။ ဗဘသုံးနည်း အဆုံးဖြတ်ကျမ်း ....

စသည်တို့ဖြစ်သည်။

ကျီးသဲလေးထပ် ဆရာတော်နှင့် ကျေးလက်သာသနာပြုခရီး (၂)

သာမဏေကျော် ရှင်မုနိန္ဒာဘိဓဇ သံဃဒတ္တိယ

၁၄ နှစ်သားအရွယ် ၁၁၉၃ခုနှစ်၊ ပထမ၀ါဆိုလပြည့်(၂၅-၆-၁၈၃၁)စနေနေ့တွင် ဆရာတော် ဦးပညာသာမိ ထံတွင် သာမဏေပြုတော်မူသည်။ ဘွဲ့တော်မှာ ရှင်မုနိန္ဒဖြစ်သည်။ ရှင်သာမဏေဘ၀တွင် သင်္ခေပ၀ဏနာကျမ်း၊ ကစ္စာယနသာရကျမ်း၊ ဧကက္ခရကောသကျမ်း၊ ကန္ထာဘရဏကျမ်း၊ သဒ္ဒ၀ုတ္တိကျမ်း၊ သဒ္ဒသာရတ္ထဇာလိနီကျမ်း၊ ည၀ါ မာတိကာ ဓာတုကထာကျမ်းများကို အရွယ်နှင့်မလိုက်အောင် နှုတ်တက်ရွရွ ဆောင်နိုင်တောမူသည်။ ထို့အပြင် နိဒ္ဒေသပကရဏကျမ်း၊ မူလဗေဒကျမ်းတိုကိုလည်း သင်ယူတတ်မြောက် တော်မူသည်။

၁၆နှစ်သားအရွယ် ၁၁၉၅ခုနှစ် တစ်ညနေတွင်ဖြစ်သည်။ သစ်နီတောကျောင်းတိုက်၏ အရှေ့မြောက်ဘက် ရွှေမြင်တင်ဘုရားကုန်းတော်နှင့် ၀ဘုရားကုန်းတော်တို့၏ အလယ်၌ ပိန်းအင်းကြီးကိုဖြတ်၍ တည်ဆောက်ထား သည့် တိုင်တစ်ရာတံတားကြီးပေါ်တွင် ဆရာတော် ဦးပညာသာမိသည် သူ၏အချစ်ဆုံးတပည့်ဖြစ်သည့် ကိုရင် မုနိန္ဒကို နောက်မှာထားလျက် စင်္ကြံလျောက်နေသည်။ ညင်သာသော လေပြည်ကလေးသည် ဣနြေ္ဒရနေသည့် ပိန်းအင်းကြီး၏ရေပြင်ကို လှိုင်းကလေးများထအောင် ဖန်တီးနေသည်။ အင်းကြီးထဲတွင် ဖူးပွင့်ဝေဆာနေသည့် ကြာဖြူ ကြာနီ ကြာညိုနှင့် ပဒုမ္မာကြာတို့သည် လှိုင်းကလေးများပေါ်တွင် ဟီးလေးခိုကာ အငြိမ့်စီးနေကြသည်။ ညနေစောင်း၏ တောက်ပသော နေရောင်ခြည်သည် စိမ်းလဲ့ကြည်လင်နေသည့် ရေပြင်ပေါ်တွင် ဖြာကျနေသည်။ ကျေးငှက်မျိုးစုံတို့၏ တွန်ကျူးသံတို့သည် သာယာအေးချမ်းလှသည့် ပိန်းအင်းကြီး၏ ပတ်ဝန်းကျင်ကို ပို၍သာယာ အောင် ပြုမူနေဘိသို့ ရှိသည်။ အနီးရှိ သစ်နီတောကျောင်းတိုက်နှင့် ၀ဘုရား၊ ရွှေကြာရံဘုရား၊ ရွှေမြင်တင်ဘုရား တို့သည် ပိန်းအင်းကြီး၏ ပတ်ဝန်းကျင်ကို လောကုတ္တရာအရိပ် မိုးပေးနေသည်။ သာယာကြည်နူးဖွယ် ကဗျာ ပတ်ဝန်းကျင်သည် စာဆိုသာမဏေ၏ နှလုံးကို မြှူဆွနေလေသည်။ ဆရာတော်ကြီးသည် တပည့်သာမဏေ၏ အကဲကို ခတ်မိလေသည်။

ထို့ကြောင့် ဆရာတော်ကြီးက တပည့်သာမဏေအား သည်အိုင် သည်အင်း သည်ပတ်ဝန်းကျင်ကို အာရုံပြုပြီး ပျို့ တစ်စောင်စပ်ဆိုရင် တာဝန်ပေးလိုက်သည်။ သို့ဖြင့် သီရိပရမ၊ သုဇေယျဖြင့် လောကသုံးခိုင်၊ ဆုံးမဲ့ပိုင်သည်၊ ဘုန်းလှိုင်သကျ၊ စိန္တေယျနှင့်၊ ဓမ္မဆယ်ဖြာ၊ မြတ်သံဃာကို၊ စေတနာညွတ်တွား၊ ကံသုံးပါးဖြင့်၊ ဦးဖျားညွတ်ငိုက်၊ တစ်မွက်စိုက်ပြီ- အစချီသည့် “မဟာသရပျို့” (ပုရပိုက်ဖြင့် ၃၇ မျက်နှာပါရှိသည့်) ကို စပ်ဆို၍ ဆရာတော်ကြီး အား ဆက်ကပ်လိုက်သည်။

ထိုအခါ ဆရာတော်ကြီး ဦးပညာသာမိက နှစ်ထောင်းအားရ ကျေနပ်လှသဖြင့် သစ်နီတော စာသင်တိုက်ကြီး အတွင်းရှိ စာသင်သား သံဃာပေါင်းများစွာ၏အလယ်တွင် ရှင်မုနိန္ဒအား ချီးကျူးဂုဏ်ပြုပွဲကြီးတစ်ခု ပြုလုပ်လျှက် “အဘိဓဇ သံဃ ဒတ္တိယ ဘွဲ့တံဆိပ်တော်” ကို ပေးအပ်လိုက်သည်။ ထို့အပြင် သစ်နီတောကျောင်းတိုက်၏ မြောက်ဘက်တွင် ကပ်လျက်ရှိသော “နွားမယံကျောင်းတိုက်ကြီးနှင့်ဥယျာဉ်”ကို အပိုင်ပေးသနားတော်မူသည်။

ရွှေတောင်သို့တက်ပြီ
သက်တော် (၁၇)နှစ်တွင် ရွှေတောင်မြို့ မင်းတဲရပ် ၀ိစိတ္တာလက္ကင်္ာရ မဟာဓမ္မရာဇဂုရု ပထမကျော် လင်္ကာဒီပ ဆရာတော်ထံ၌ အဘိဓမ္မာပါဠိတော် (၇)ကျမ်း အဖွင့်ဖြစ်သော အဋ္ဌသာလိနီ အဋ္ဌကထာ၊ သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာ၊ အဘိဓမ္မတ္ထ ၀ိဘာဂနီဋီကာကျမ်းများကို သင်ကြားတတ်မြောက်တော်မူသည်။

ရဟန်းအဖြစ်သို့ရောက်ပြီ
သက်တော် (၁၉)နှစ် ခြောက်လအရွယ် ၁၁၉၈ခုနှစ်၊ တပေါင်းလပြည့် (၁၉-၂-၁၈၇၃) အင်္ဂါနေ့တွင် က၀ိန္ဒာဘိသဒ္ဓမ္မပ၀ရ မဟာဓမ္မ ရာဇာဂုရု၊ ဂုဏမုနိလင်္ကာရ သဒ္ဓမ္မ မဟာဓမ္မရာဇ ဓိရာဇာဂုရု တံဆိပ်တော် နှစ်ထပ်ရ အမရပူရ ရွှေတောင်ဆရာတော်ဘုရားကြီး အရှင် ဂုဏာစာရ၏ သဒ္ဓိဝိဟာရိက ရွှေတောင်မြို့ဂိုဏ်းအုပ် ဆရာတော် အရှင်ကုမာရကို ဥပဇ္ဖျာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ အရှင် မုနိန္ဒာဘိဓဇ ပင်ဖြစ်သည်။

နေပြည်တော်တွင် ပညာသင်
ရဟန်းအဖြစ်သို့ရောက်ပြီးနောက် အထက်မြန်မာပြည်သို့ တက်ရောက်ကာ အမရပူရနေပြည်တော်တွင် ပိဋကတ် အကျော်အမော် ဆရာတော်များဖြစ်သည့် ဘွဲ့တံဆိပ်တော် အထပ်ထပ်ရတော်မူသော မောင်းထောင် သာသနာ ပိုင်ဆရာတော် ဦးဉေယျဓမ္မ (ဉေယျဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု ဉေယျဓမ္မာ ဘိဝံသ သိရီပ၀ရာ လင်္ကာရ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု/ ဉေယျဓမ္မာဘိဝံသ မုနိဝရဥာဏကိတ္ထိ သိရီဓဇ ဓမ္မသေနာ ပတိ မဟာဓမ္မရာဇာဓိ ရာဇဂုရု၊ အမရပူရ)၊ မိတ္ထီလာဆရာတော် ဦးဥတ္တမ (ဥတ္တမ စက္ကိန္ဒဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု၊ အမရပူရမြို့)၊ ခင်မကန်ဆရာတော် ဦးမဏိဇောတ (မဏိဇောတလင်္ကာရ မဟာဓမ္မရာဇာဓိ ရာဇဂုရု၊ အမရပူရမြို့)၊ ရွှေတိုက်ဝန်ဆရာတော် ဦးအရိန္ဒမ (အရိန္ဒမဂုဏာဘိ သီရိဓဇ မဟာဓမ္မ ရာဇဂုရု၊ အမရပူရမြို့) နှင့် ဆရာတော် ဦးအရိယ(မြို့မကျောင်းတိုက်၊ အင်္ဂပူမြို့) တို့ထံတော်၌ သာသနိကဖြစ်သော ပိဋကတ်ကျမ်း၊ အန၀ဇ္ဇ ဖြစ်သော လောကီယကျမ်းနှင့် သက္ကတကျမ်း စသည့် ပိဋကတ်သုံးသွယ် နိကယ်ငါးရပ်နှင့် ကျမ်းမျိုးစုံတို့ကို ဆုံးခန်းတိုင် အာဂုံဆောင် တတ်မြောက်အောင် သင်ကြားရသဖြင့် သာသနာဝယ် နေလအသွင် ထင်ရှားသော အဖြစ်သို့ ရောက်တော်မူသည်။

လေးထပ်ကျောင်းတော်ကြီးကို အလှူခံ
ရဟန်းခြောက်ဝါရရှိပြီး ပညာစုံ၍ ရွှေတောင်သို့ ပြန်ကြွလာလေသည်။ ထို့နောက် ကောဇာသက္ကရာဇ် ၁၂၀၆ ခုနှစ်တွင် အမရပူရနန်းစံ ပုဂံမင်းတရားကြီး လက်ထက်တွင် ရွှေတောင်မြို့၊ ပန်းတောင်းမြို့ နှင့် ဟံသာဝတီ ရန်ကုန်မြို့များကို အုပ်ချုပ်၍ မြို့ဝန်လုပ်ရသော သတိုးမင်းကြီး မဟာမင်းလှမင်းခေါင် ကျော်ထင်နော်ရထာဘွဲ့ခံ သတိုးဝန်ကြီး ဦးမှုံက ကျီးသဲအရှေ့ဘက် တာနှစ်ရာကျော်ကွာဝေးသော ရွှေမြင်တင်ဘုရားအနီး ကုန်းမြေတွင် လေးထပ်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းသည်။ (ထိုအချိန်တွင် ရဟန်း ရှစ်ဝါရရှိပြီ)

Sunday, January 10, 2010

ကျီးသဲလေးထပ် ဆရာတော်နှင့် ကျေးလက်သာသနာပြုခရီး (၁)

ဘဒ္ဒန္တ မုနိန္ဒာဘိဓဇ- ပဏ္ဍိတဓဇ မုနိန္ဒာဃောသ မဟာဓမ္မရာဇာဂုရု ဘွဲ့တံဆိပ်တော်နှင့် သိရီပ၀ရ မဟာဓမ္မရာဇာ ဓိရာဇာဂုရု ဘွဲ့တံဆိပ်တော်နှစ်ထပ် (၁၂၄၃ ခုနှစ် သီပေါမင်းလှူ တံဆိပ်တော်) တို့ ရရှိတော်မူခဲ့သည့် ကျီးသဲ လေးထပ် ဆရာတော်ဘုရားကြီး၏ ကျေးလက်တောရွာ သာသနာပြု မဟာခရီးကြီးကား အံ့ချီးဖွယ်ရာဖြစ်သည်။

ပဉ္စမ သင်္ဂါယနာတင် သာသနာ့ဒါယကာ ဘ၀ရှင် မင်းတုန်းမင်းတရားကြီးက ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ၏ ပညာကြီးမား၊ ပြည်ကျော်ကြားသည့် သတင်းစကားကို ကြည်ညို သဒ္ဓါပွားကာ ပင့်ဖိတ်တော်မူသည်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးသို့ ကြွရောက်ကာ ထာဝရ သီတင်းသုံးပါရန်နှင့် နန်းတော်၌ သင့်တင့်လျောက်ပတ် ကောင်းမြတ်ဖွယ်ရာသော အရသာဆွမ်းများလှူဒါန်း ဆက်ကပ် ကိုးကွယ်နေလိုပါကြောင်း လျှောက်ထားသည်ကို လက်မခံခဲ့။

အင်္ဂလိပ်လက်အောက် ကျရောက်နေသည့် အောက်မြန်မာနိုင်ငံတွင် မြန်မာတိုင်းရင်းသားများ ဘာသာ သာသနာ ရိုးရာယဉ်ကျေးမှုပါ ကွယ်ပျောက်မှာစိုးသဖြင့် ကျေးလက်တောရွာ သာသနာပြု မဟာခရီးကြီးကို စတင် ခဲ့ခြင်းဖြစ်သည်။ ယင်းမဟာခရီးကြီးကား ရှည်လျားလှသည်။ အဘယ်အထိ ရှည်လျားသနည်းဟူမူ အသက် ထက်ဆုံးဖြစ်သတည်။

ဆရာတော်၏ဘ၀အစ
ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးကို တရားသူကြီး ခုံတော် ဦးအောင်မင်း၊ ဒေါ်ဂျမ်းဘုံ တို့မှ မြန်မာသက္ကရာဇ် ၁၁၇၉ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် (2-10-1817) ကြာသပတေးနေ့ နံနက် ရောင်နီလာချိန်တွင် ရွှေတောင်မြို့၊ ကျီးသဲရှမ်းတန်းလေးရပ်၌ မီးရှုးသန့်စင် ဖွားမြင်တော်မူသည်။

တောကင်း နိမိတ်ပြ
လေးထပ်ဆရာတော်လောင်းလျာ ဖွားမြင်ပြီး တစ်လသားအရွယ် နေ့လည် ပုခက်အတွင်း၌ အိပ်နေစဉ် တောကင်း (ကင်းခြေများ)ကြီး နှစ်ကောင် ရောက်ရှိလာကာ ပုခက်ဘောင်ပေါ် လှည့်ပတ်စောင့်ရှောက်သည်ကို တွေ့ကြရ သည်။ မောင်းထုတ်ပစ်သော်လည်း မသွားသဖြင့် ကြည့်နေကြရသည်။ ၄င်းကို အကြောင်းပြု၍ ငယ်နာမည် မောင်ကင်း ဟုမှည့်ခေါ်ခဲ့ကြသည်။

ကျောင်းသားဘဝ
ဆရာတော် ကိုးနှစ်သားအရွယ် ကျီးသဲအရှေ့ဘက် တာနှစ်ရွာအကွာ ရွာသာရွာ သစ်နီတောကျောင်းတိုက် ဆရာတော် ဦးပညာသာမိ ထံ အပ်နှံ၍ ပညာသင်စေသည်။ ကျောင်းအပ်ပြီး မကြာမီပင် သင်ပုန်းကြီး ဆယ်စောင် တွဲကို သင်ကြား တတ်မြောက်သည်။
ဥာဏ်ပညာ အထူးထက်မြက်ပြီး စာတော်သော၊ ကြိုးစားသော ကျောင်းသားဖြစ်သဖြင့် ဆရာတော် ဦးပညာသာမိ က အရေးပေးသည်။ ချစ်ခင်သည်။ မြှောက်စားသည်။ ၁၁ နှစ်သား၌ ကစ္စည်းကျမ်း၊ သင်္ဂဟကျမ်းများကို ကျွမ်းကျင်စွာ တတ်မြောက်တော်မူသည်။

(ဆက်ရန်) >>>>>>

Saturday, January 9, 2010

သလ္လသုတ္တန် တရားတော်

သလ္လသုတ္တန် တရားတော်

သားသေ၍ သောကရောက်သော ဒကာတစ်ဦး၏ ဝတ္ထုသံဝေဂသုတ္တန်ကြီးပါ

ဘုရားလက်ထက်က မြတ်စွာဘုရားကို စတုပစ္စယ ဒါယကာ ဥပဋ္ဌာက ဒကာတစ်ယောက် ရှိတယ်။ ထိုဒကာမယ် အသက်ငယ်ငယ် အရွယ်နုနယ်တဲ့ သားကလေးတစ်ယောက် ကွယ်လွန်အနိစ္စရောက်တော့ သောကမီး၊ ပရိဒေဝမီး တညီးညီးတောက်ပြီးတော့ အစာအာဟာရများ ဖြတ်တောက်၊ ခုနစ်ရက်တိုင်တိုင် မစားဘဲနဲ့ သောက ပရိဒေဝမီး တောက်ရှာသတဲ့။
အဲဒီလို မီးတောက်တဲ့အတွက် ဘုရားကိုယ်တော်မြတ်က ထိုဒကာအပေါ် ကရုဏ ရှေ့ထားပြီးတော့ သောကမီး ငြိမ်းအေးသော အနေနဲ့ ဒီသုတ္တန်ကို ထိုဒကာအိမ် ကြွပြီးတော့ ဟောပါတယ်တဲ့။ ဂါထာ ( ၂၀ ) နှစ်ဆယ် ရှိပါတယ်။

ဒီသုတ္တန်မှာပေါ့လေ၊ ဒီစကားဦး တရားဦးစတာ အဋ္ဌကထာက အလွန်ကျဉ်းပါတယ်။ ဒါကို သလ္လသုတ္တန် ခေါ်တယ်တဲ့။ ဒီသုတ္တန် ဖြစ်ပေါ်ရတဲ့ အတ္ထုပ္ပတ်ကဘယ်လိုလဲ ဆိုတော့...
သာဝတ္တိပြည်မှာ မြတ်စွာဘုရားရဲ့ စတုပစ္စယဒကာ တစ်ယောက်ရှိတယ်။ ထိုဒကာမှာ သားငယ်တစ်ယောက် အနိစ္စရောက်တော့ သောက ပရိဒေဝမီး တောက်ပြီး ခုနစ်ရက်တိုင်တိုင် အစာငတ်ခံပြီးတော့ သောကပရိဒေဝမီး အနှိပ်စက်ခံနေရတာကို ဘုရားကိုယ်တော်မြတ် မဟာကရုဏာ ပြဋ္ဌာန်းပြီးတော့ ထိုဒကာရှိရာအိမ် ကြွပြီးတော့ ခင်းထားအပ်သော နေရာ၌ ဤသုတ္တန်ကိုဟောပါတယ်။ ချုံးချူံးနဲ့ပဲ လိုရင်းတရားသား ရောက်အောင် သွားပါတယ်။

အနိမိတ္တ’ မနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။
ကသိရဉ္စ ပရိတ္တဉ္စ၊ တဉ္စ ဒုက္ခေန သံယုတံ။

ဂဟပတိ= ဒါယကာ။ ဣဓ= ဤလောက၌။ မစ္စာနံ= သတ္တဝါတို့၏။ ဇီဝိတံ = ရုပ်နာမ်နှစ်ဝ ဇီဝိတခေါ်တဲ့ တရားအစုသည်။ အနိမိတ္တံ= အမှတ်နိမိတ် မရှိတဲ့ တရားပါပေ။
လောကမှာ ဟို... ပစ္စည်းဥစ္စာကို ခိုးတော့မယ်ဆိုယင် အချက်ပေးပြီး ခိုးတာရှိတယ်။ ဟို... လူလစ်တဲ့ အခါကျတော့ ငါက မျက်လုံးမှိတ်လိုက်မယ်ကွ၊ ဒါမှမဟုတ်ယင် မျက်ခုံးလေး ငါချီလိုက်မယ်။ အဲဒီ ငါမျက်လုံးမှိတ်တဲ့ အမှတ်နိမိတ်၊ သို့မဟုတ် မျက်ခုံး( ကို ) ချီလိုက်တဲ့ အမှတ်နိမိတ်နဲ့ အဲဒီပစ္စည်း အဲဒီအချိန် လစ်ပြီး ခိုးပေတော့... လို့ အဲဒီလိုပြောပြီးတော့ ခိုးတဲ့အခိုးမျိုးကို နိမိတ္တကမ္မ ခိုးနည်းတဲ့။ အဲဒီမှာ နိမိတ္တကမ္မ ခိုးနည်းမှာ အမှတ်နိမိတ်အချက်ပြ ရှိသလို သတ္တဝါတို့ရဲ့အသက်မှာ ဘယ်နေ့ဘယ်အချိန် ဘယ်အခါမှာ ဘယ်လိုရောဂါနဲ့သေမယ်လို့ အမှတ်အသား နိမိတ် မပါဘူး။ လူတိုင်း လူတိုင်းရဲ့အသက်ဟာ အနိမိတ္တတရား၊ အမှတ်နိမိတ်မရှိတဲ့တရား။

အနညာတံ= မည်သည့်အခါမှာ သေလိမ့်မယ်လို့လည်းပဲ မသိအပ်တဲ့တရား မှန်ပါပေ၏။
(ဘယ်သူသိတုံး၊ ဘယ်အချိန်မှာ သေမယ်လို့ ပြောကို မပြောနိုင်ဘူး။ )

ကသိရဉ္စ= ဆင်းရဲပင်ပန်း အမြဲတစေ နွမ်းလည်းနွမ်းလျလှပါပေ၏။
အသက်ကလေး ဇီဝိတသန္တာန်ကလေး ဆက်ဖို့ရန်အတွက် လွယ်လွယ်နဲ့ဆက်တာမဟုတ်ဘူးတဲ့။ အကြောင်းပေါင်း များစွာ စုပေါင်းပေးမှ ဇီဝိတသန္တာန်ဆိုတာ ဆက်ပြီးတော့ အသက်ရှည်တယ်လို့ လောကပညတ်ဖြစ်နေရပါတယ်။

ဘယ်လိုလဲ။ ထွက်သက် ဝင်သက်နဲ့လည်းပဲ ဒီအသက်ရှင်ရေးဟာ စပ်တယ်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ မဟာဘုတ်ကြီး လေးပါးနဲ့လည်း စပ်တယ်။ ကဗဠီကာရာဟာရ ခေါ်တဲ့ အစာ အာဟာရနဲ့လည်း ဆက်စပ်၍ နေတယ်။ ဝမ်းမီး တေဇောဓာတ်နဲ့လည်း ဆက်စပ်နေတယ်။ ခန္ဓာကိုယ်ရဲ့ အပေါ်မှာ ပဋိသန္ဓေက စပြီးတော့ မျိုးစေ့အနေနဲ့ ပါလာတဲ့ စိတ်ဝိညာဏ်နဲ့လည်းပဲ ဆက်စပ်နေတယ်။
မှန်ပါတယ်။ လူတစ်ယောက်ဟာ ထွက်သက်ဝင်သက် မရှူဘဲသာ အောင့်ထား၊ တစ်နာရီလောက် အောင့်ယင် ထိုသူ သေမှာအမှန်ပဲ။ ထွက်သက်ဝင်သက် ခေါ်တဲ့ အာနာပါနဝါယောဓာတ် ဝိသေသသာမရှိလို့ မဖြစ်လို့ ရှိယင် ထိုသူရဲ့ ဇီဝိတိနြေ္ဒဟာ ဘယ်လိုနည်းနဲ့မှ သန္တာန်ဆက်ပြီးတော့ အသက်မရှည်နိုင်ဘူးတဲ့။ ဒါကြောင့် အသက်ရှင်ရေးအတွက် ထွက်သက်ဝင်သက်နဲ့လည်းပဲ ဆက်စပ်နေတယ်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ ညီမျှမှုနဲ့လည်း ဆက်စပ်နေတယ်တဲ့။ အဲဒီ ဓာတ်ကြီးလေးပါး မညီမျှလို့ ပထဝီဓာတ် ပျက်စီးမယ်၊ အာပေါဓာတ် ပျက်စီးမယ်၊ တေဇောဓာတ် ပျက်စီးမယ်၊ ဝါယောဓာတ် ပျက်စီးမယ်ဆိုလို့ရှိယင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ ဒီဓာတ်လေးပါးကို မြွေကြီး လေးစင်း၊ မြွေကြီး လေးကောင်နဲ့ ဟို... အာသီဝိသောပမ သုတ္တန်များမှာ ဟောထားတယ်။

မြွေကြီးလေးကောင်နှင့် ဓာတ်ကြီးလေးပါး...

လောကမှာ ကဋ္ဌမုခ မြွေ တစ်မျိုး၊ ပူ’တိမုခ မြွေလို့ တစ်မျိုး ။
အဂ္ဂိမုခ မြွေလို့ မြွေတစ်မျိုးရှိတယ်။ သတ္ထမုခ မြွေလို့ မြွေတစ်မျိုးရှိတယ်။

အဲဒီ မြွေကြီးလေးမျိုးထဲမှာ ကဋ္ဌမုခမြွေဆိုတဲ့ ဒီမြွေကိုက်လိုက်တယ်ဆိုယင် အကိုက်ခံရတဲ့လူဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ခါတည်းတောင့်ပြီးတော့ လက်တွေ ခြေတွေ ချိုးမရဘဲနဲ့ သစ်သားချောင်းကြီး ထင်းတုံးကြီးလို တစ်ခါတည်း ဖြစ်သွားတယ်တဲ့။ ဖြစ်ပြီးတော့တစ်ခါတည်း သေတော့တာပဲ။ အဲဒီ မြွေမျိုးကို ကဋ္ဌမုခ မြွေ လို့ ခေါ်တယ်။
ပူတိမုခမြွေဆိုတာက ဒီမြွေထိလိုက်တယ်ဆိုယင် မိနစ်ပိုင်းအတွင်း သေကြေပျက်စီးပြီးတော့ ခဏအတွင်း ကြည့်ရင်းကြည့်ရင်း အသားတွေ ညိုကွက်ထပြီးတော့ နာရီပိုင်းအတွင်းမှာ သွေးတွေ၊ ပြည်တွေ တစ်ခါတည်းထွက် လာတယ်။ ပုပ်သွားတယ်။ အမှန်ပုပ်ရမှာ သွေး ပြည်တွေ ထွက်ရမှာက သုံးရက် လေးရက်မှ ထွက်ရမှာပေမယ့် ဒီ ပူတိမုခမြွေ ထိခိုက်တဲ့ သတ္တဝါဆိုယင် နာရီပိုင်း အတွင်းမှာ ပုပ်သိုးသွားတယ်။
အဂ္ဂိမုခမြွေဆိုတဲ့ အဲဒီမြွေ ထိခိုက်လိုက်ယင်တော့ လူတောင် မသင်္ဂြိုဟ်ရဘူး၊ အဲဒီမြွေထိတဲ့ လူဟာ ဒီမြွေဆိပ်ကြောင့်ပဲ တစ်ခါတည်း မီးဟုန်းဟုန်းတောက်ပြီးတော့ တစ်ခါတည်းပျောက်သွားတယ်။

ရှိဖူးတယ်။ မြတ်စွာဘုရား လက်ထက်တုန်းက အရှင်သာရိပုတ္တရာရဲ့ညီ ဥပသေနမထေရ်။ ဥပသေန ရဟန္တာမထေရ်ဆိုတာ ရှိတယ်။ အရှင်သာရိပုတ္တရာတို့မှာ မောင်နှမ ညီအကို ခုနှစ်ယောက် ရှိပါတယ်။ ခုနစ်ယောက်စလုံး ရဟန္တာ ဖြစ်ကြတယ်။ အရှင်သာရိပုတ္တရာက အကိုကြီး၊ မောင်ကြီး၊ အကြီးဆုံး၊ သူ့အောက်မှာ ဥပသေန၊ သူ့အောက်မှာ စုန္ဒ၊ သူ့အောက်မှာ ညီလေး ရေဝတ။ သူ့ရဲ့နှမတွေအနေနဲ့ စာလာ၊ သီသူပစာလာ၊ ဥပစာလာ... လို့ နှမသုံးယောက်ရှိတယ်။ အဲဒီမောင်နှမ ခုနစ်ဖော်စလုံး ဒီသာသနာတော်မှာ အာသဝေါကုန်ခန်း ရဟန္တာ ယောက်ျား၊ ရဟန္တာ ထေရီမ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံ၍ ဘဝဇာတ်သိမ်း ငြိမ်းတော်မူကြတယ်။
အဲဒီ အရှင်သာရိပုတ္တရာရဲ့ညီ အရှင် ဥပသေန ရဟန္တာမှာ တစ်ချိန်က ကမ္မဋ္ဌာန်း ကျောင်းလေး၏ ညောင်စောင်းပေါ် ခဏ လျောင်းပြီး နေတဲ့အချိန်မှာ ဒီအမိုး ခေါင်လျောက်ပေါ်မှ အဂ္ဂိမုခ မြွေနှစ်ကောင်ဖတ်ဆို တစ်ကောင်က ဥပသေန ရဟန္တာ မထေရ်ရဲ့ ကိုယ်ပေါ် ကျတယ်။ သိတယ်၊ ဥပသေန မထေရ်က ဟာ... ဒီမြွေကတော့ အဂ္ဂိမုခမြွေ ပဲ။ အဂ္ဂိမုခမြွေဆိုတာ မိနစ်ပိုင်း အတွင်းမှာပဲ ဟုန်းခနဲ ခန္ဓာကိုယ် မီးတောက်တတ်တယ်။ အဲဒီတော့... ဟုန်းခနဲ ခန္ဓာကိုယ် မီးတောက်တာ ငါ့အဖို့ကတော့...

နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ ဝေတနံဘတကော ယထာ။
အလုပ်သမားသည် လခရမယ့်အချိန်ကို တောင့်တသလို ရဟန္တာဖြစ်တဲ့ ငါ့အဖို့ရာ အသက်ရှည်နေတာလည်း ခန္ဓာဝန်ထုပ်ကြီး ထမ်းထားရတယ်။ သေတယ်ဆိုတာကလည်းပဲ စုတိအခိုက်မှာဖြစ်တဲ့ ခန္ဓာဝန်ထုပ် ထမ်းထားရတာဖြစ်တော့ အသက်ရှည်တာလည်းပဲ ငါမလိုချင်ဘူး။ အသက်တိုတာလည်းပဲ ငါမလိုချင်ဘူး။ အဲဒီ သေပြီးတဲ့နောက် ခန္ဓာအသစ် မဖြစ်တဲ့ အနုပ္ပါဒ... နိရောဓ အချိန်ကလေးကို အလိုရှိတယ်။ ဒီအလိုရှိတဲ့အချိန် သူက ရောက်ရမှာဖြစ်တော့ သူ့အဖို့ရာ ဘာမှဝန်မလေးဘူး။ အင်မတန် ခန္ဓာဝန်ကြီး စွန့်ပယ်ရမယ့်အရေး တွေးပြီးတော့ အင်မတန် ဝမ်းမြောက်တယ်။
သို့သော် ငါ ခန္ဓာဝန်စွန့်လိုက်တာ ကိစ္စမရှိဘူး။ ဒီ ခန္ဓာကိုယ်ကြီးက ဟုန်းခနဲ မီးတောက်ယင် ဒီ ကမ္မဋ္ဌာန်းကျောင်းလေး မီးကျွမ်းသွားချေရဲ့ဆိုပြီးတော့ ဥပသေနမထေရ်က အဘိညာဏ် ဖြုန်းခနဲဝင်စားပြီးတော့ ‘ငါ့ ခန္ဓာကိုယ် အပြင်မရောက်သေးသမျှ မီးမတောက်ပါစေနဲ့’ အဓိဋ္ဌာန်တော်မူတယ်။ အဓိဋ္ဌာန်ပြီးတော့ ဣဒ္ဓိဝိဓ အဘိညာဏ်များ ဝင်စားတော်မူလို့ ပြီးတဲ့အခါကျတော့မှ သူ့ရဲ့တပည့်များကို "ငါ့ရှင်တို့၊ ငါ့ကိုညောင်စောင်းနဲ့တကွ ကမ္မဋ္ဌာန်းကျောင်းလေး ပြင်ဘက် အဗ္ဘောကာသ ဟင်းလင်းအပြင် လွင်တီးခေါင် ထုတ်ပေးကြ" လို့ ခိုင်းတယ်။

ဘာပြုလို့လဲဘုရား" ဆိုတော့...
"ငါ့ကိုယ်ပေါ်မှာ အဂ္ဂိမုခမြွေ ကျသွားတယ်ဟု ဒါကြောင့် မကြာခင် ငါ့ခန္ဓာကိုယ်ဟာ မီးဟုန်းဟုန်းတောက်လိမ့်မယ်။ မြန်မြန်ထုတ်ကြ" ဆိုတော့မှ သူ့ရဲ့တပည့်တွေက ညောင်စောင်းနဲ့တကွ ဥပသေနကိုယ်တော်ကို ကိုင်လည်း မကိုင်ဝံ့ဘူး၊ သွားကိုင်ယင် မီးတောက်မှာစိုးလို့။ ကမ္မဋ္ဌာန်းကျောင်းလေး အပြင်ဘက် ထုတ်ရတယ်။ အဲဒီ အပြင်ဘက်လည်း ရောက်ကရော ညောင်စောင်းရော ခန္ဓာရော အကုန်လုံး မီးဟုန်းဟုန်းတောက်ပြီးတော့ ဓာတ်တော်ကျန်ရစ်ခဲ့တယ်။ အဲဒီမြွေမျိုးကို အဂ္ဂိမုခမြွေလို့ ခေါ်တယ်။ အိန္ဒိယမှာတော့ ဒီလိုမြွေမျိုးတွေ ရှိတယ်။
သတ္ထမုခမြွေဆိုတာက အဲဒီမြွေ ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူဟာ အရိုးဆက်တွေဟာ တစ်ခါတည်းပြုတ်ပြီးတော့ သေတော့တယ်။ အရိုးဆက် ပြုတ်တယ်။ ဘယ်လောက်ပြင်းတဲ့ အဆိပ်လဲလို့။
အဲဒီ မြွေကြီးလေးမျိုးလိုပဲတဲ့၊ ပထဝီဓာတ်ဟာ ကဋ္ဌမုခမြွေနဲ့ တူတယ်။ အာပေါဓာတ်သည် ပူတိမုခမြွေနဲ့ တူတယ်။ တေဇောဓာတ်သည် အဂ္ဂိမုခမြွေနဲ့ တူတယ်။ ဝါယောဓာတ်သည် သတ္ထမုခမြွေနဲ့ တူတယ်တဲ့။ ပထဝီဓာတ်တည်းဟူသော ကဋ္ဌမုခမြွေမျိုး၊ ဟုတ်လား။ စိတ်ဆိုးလို့ကိုက်၊ ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်လို့ရှိယင် ထိုသူသည် စုတိပြတ်ကြွေ သေလွန်ပြီးသကာလ ထင်းတုံးကြီးလို တောင့်ခိုင်ပြီး သွားတတ်တယ်တဲ့၊ အဋ္ဌကထာက။

ပတ္ထဒ္ဓေါ ဘဝတိ ကာယော၊ ဒဋ္ဌော ကဋ္ဌမုခေန ဝါ။
ပထဝီဓာတုပ္ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
လို့ ဒီလို မှတ်ချက်ပေးပါတယ်။ အာပေါဓာတ်ပျက်စီးလို့ရှိယင် ပူတိမုခမြွေ အကိုက်ခံရတဲ့ လူရဲ့ခန္ဓာကိုယ်ဟာ မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းမှာ ပုပ်သိုးပြီး သွေးတွေ၊ ပြည်တွေ ယိုကျလာတတ်တယ်တဲ့။ အဲဒီလို ဥတုဇရုပ်ကလာပ် တွေ့ယင်ဖြင့် ဪ…..အာပေါဓာတ်တည်းဟူသော ပူတိမုခမြွေကြီး ကိုက်တာပဲ၊ ဖောက်ပြန်ပျက်စီး ကိုက်တာပဲလို့ အဲဒီလို သိတယ်။
တေဇောဓာတ်တည်းဟူသော အဂ္ဂိမုခ မြွေကိုက်ပြီ၊ ဒီခန္ဓာကိုယ် တေဇောဓာတ်ဖောက်ပြန်ပြီဆိုယင် မသေခင်ကတည်းကိုက အမလေး ပူလိုက်ပါဘိ။ လောင်လိုက်ပါဘိ၊ အဲဒီလို လာတတ်တယ်။ ဒီလိုဆိုပြီးတော့ သေရတယ်။
ဝါယောဓာတ် ဖောက်ပြန် ပျက်စီးပြီးတော့ သွားတဲ့သူကျတော့လည်းပဲ မသေခင်ကတည်းကိုက ဝါယောဓာတ် ဖောက်ပြန်ပျက်စီးတယ်ဆိုယင် သွက္ချာပါဒဖမ်းတဲ့လူတွေ ကြည့်စမ်း၊ အဲဒီ လက်မောင်းကြီးကလည်းပဲ အရိုးဆက်ပြုတ်ပြီးတော့ တစ်လက်မလောက် လျှောကျတယ်။ ထို့အတူပဲ ဟောဒီ တင်ပါးဆုံ တင်ပါးခွက်တွေ တစ်ခါတည်း လျှောကျတယ်။ အဲဒါကြောင့် ဝါယောဓာတ်သည် သတ္ထမုခမြွေနဲ့တူတယ်... တဲ့။

သဥ္ဆိန္နော ဘဝတိ ကာယော၊ ဒဋ္ဌော သတ္ထမုခေန ဝါ။
ဝါယော ဓာတုပ္ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
လို့ အဋ္ဌကထာများက မှတ်ချက်ချထားတဲ့ အဓိပ္ပါယ်ကတော့ အခုပြောတဲ့ အတိုင်းပါပဲ။ အဲဒါကြောင့် ဒီ ခန္ဓာကိုယ်မှာ အသက်ရဲ့ ရှည်ရေးဟာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ မဟာဘုတ်ကြီးလေးပါးတို့ရဲ့ ညီညွတ်မှုနဲ့လည်းပဲ ဆက်စပ်နေတယ်တဲ့ ဘယ်လောက် အသက်ရှည်ဖို့ခဲယဉ်းသလဲ။ ဒီအကြောင်းတွေ ကူညီရတယ်။
ဟင်း... ဒါတင်ပဲလားလို့ဆိုတော့ ကဗဠီကာရာဟာရလို့ခေါ်တဲ့ သပ္ပါယဖြစ်တဲ့ အစာအာဟာရနဲ့လည်း ဆက်စပ်နေတယ်။ သပ္ပါယဖြစ်တဲ့ အစာအာဟာရကို လုံးဝ မစားဘူးဆိုယင် ခုနစ်ရက် မခံဘူး။ အသက်ဟာ သန္တာန်ပြတ်သွားတယ်။ ဇီဝိတသန္တာန်ပြတ်သွားတယ်။

အသက်သည် တိုတောင်းလှ၏...

ဒါကြောင့် အသက်ရှည်မှု ဇီဝိတသန္တာန် ဆက်မှုအတွက် ကဗဠီကာရာဟာရ ခေါ်တဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် အစာအာဟာရများလည်းပဲ အကြောင်းတစ်ပါး ဖြစ်ပါတယ်။ ကမ္မဇတေဇောခေါ်သော ဝမ်းမီးပ။ အဲဒီ ဝမ်းမီးနဲ့လည်း ဆက်စပ်နေတယ်။ ဝမ်းမီးကစားသမျှ အစာအာဟာရကို မချက်လို့ ဝမ်းမီး နုံ့သွားပြီ၊ ဝမ်းမီး ငြိမ်းသွားပြီ ဆိုယင် ဇီဝိတသန္တာန် မဆက်တော့ဘူး၊ သေတာပဲ။ ထို့အတူပဲ စိတ်ဝိညာဏ် ရပ်စဲသွားရင်လည်းပဲ ဒီ့ပြင်ဟာတွေ ဘယ်လောက်ကောင်းကောင်း၊ ဒီခန္ဓာကိုယ်မှာ ဇီဝိတသန္တာန် မဆက်တော့ဘူးတဲ့။ သေသွားတယ်။
ဒါကြောင့် ဒီ အသက်ခေါ်တဲ့ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ သန္တာန်ဆက်ပြီးတော့ သွားဖို့ရန်အရေး အင်မတန် ခဲခဲယဉ်းယဉ်း၊ အကြောင်းပေါင်း မြောက်မြားစွာ ကူညီထောက်ပံ့မှ ဖြစ်ရပါတကားတဲ့။ ဒါကို...
ကသိရဉ္စ= အကြောင်းပေါင်း မြောက်မြားစွာတို့နှင့် ဆက်စပ်သဖြင့် ငြိုငြင် ပင်ပန်းနွမ်းလည်းနွမ်းလျလှပါပေ၏။ ပရိတ္တဉ္စ= အကြောင်းများစွာ ကူညီမှ ဖြစ်ပေါ်ရပြန်ပါတော့လည်းပဲ ကာလမြင့်ရှည် မတည်နိုင်ပဲ၊ နည်းလည်း နည်းလှပါပေ၏။
အကြောင်းပေါင်း မြောက်မြားစွာ ဝိုင်းဝန်းထောက်ပံ့ ပြုစုလို့ ဒီအသက် ဖြစ်ပြန်တော့လည်းပဲ အသက်ရှည်တာ မဟုတ်ဘူး။ စတုမဟာရာဇ်နတ်ပြည်၊ တာဝတိံသာနတ်ပြည်၊ ယာမာနတ်ပြည်ဆိုတဲ့ အထက် အထက် နတ်ပြည်တွေက နတ်သက်တွေ၊ ဗြဟ္မာသက်တွေနဲ့ စာလို့ရှိယင် လူ့ပြည်က အသက်ဟာ အင်မတန်နည်းတယ်တဲ့။ တကတည်း ဟို မြက်ဖျား၊ သမန်းဖျားမှာ ကျရောက်နေတဲ့ နှင်းပေါက်ကလေးလောက်ရှိတာ။ နတ်သက်၊ ဗြဟ္မာသက်နဲ့စာယင်။ ဒါကိုပဲ အသက်ရှည်မှု အစွဲပြုပြီးတော့ ဇီဝိတမာန်တွေ တက်လိုက်ကြသေး။
တစ်နည်းအားဖြင့် ပြောလို့ရှိယင် လူရဲ့ ဇီဝိတ၊ နတ်ရဲ့ ဇီဝိတ၊ ဗြဟ္မာရဲ့ ဇီဝိတ၊ ဘယ်ဇီဝိတပဲဖြစ်ဖြစ်တဲ့ အကြောင်းပေါင်းများစွာ ဘယ်လောက် စုပေါင်းပြီးတော့ ဝိုင်းဝန်းထောက်ပံ့ထားလို့ သန္တာန်အနေနဲ့ ဆက်သော်လည်းပဲ ခဏအနေနဲ့တော့ (ခဏိကအနေနဲ့ဆိုယင်) ခဏတိုင်း ခဏတိုင်၊ ခဏတိုင်း ခဏတိုင်း ဒီဇီဝိတတွေ ပျက်နေတယ်တဲ့။ ဒါကြောင့် ပရိတ္တဉ္စ... ခဏအားဖြင့် နည်းပါး တိုလည်း တိုတောင်းလှပါပေ၏... တဲ့။
တဉ္စ= လို ဖော်ပြရာပါ အနိမိတ္တိ၊ အနညာတ၊ ကသိရ။ ပရိတ္တ... ဆိုတဲ့ အင်္ဂါလေးချက် ပြည့်နှက်တဲ့ အသက်လည်းပဲ။ ဒုက္ခေန... သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ မှက်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်း တို့၏ အတွေ့အထိကြောင့်ဖြစ်တဲ့ ဒုက္ခနှင့်။ သံယုတံ= အမြဲတစေယှဉ်၍ နေပါပေ၏။

အသက်မသေအောင် လုပ်နည်း မရှိ...

အကြောင်းပေါင်းများစွာ စုပေါင်း ထောက်ပံ့ထားလို့ ဇီဝိတသန္တာန်ကို ဆက်ပေးပြန်ပါတော့လည်းပဲ အဲဒီဆက်တဲ့ ဇီဝိတသန္တာန်မှာ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ ဒုက္ခ ဒုက္ခဆိုတဲ့ဒုက္ခသဘောတွေ ဝိုင်းဝိုင်းလည်လို့၊ မှက်ကိုက်လို့၊ ခြင်ကိုက်လို့၊ ယင်ကိုက်လို့၊ လေတိုက်လို့၊ နေပူလို့၊ ဒီလိုဖြစ်တဲ့ဆင်းရဲဒုက္ခတွေနဲ့၊ ဒီဇီဝိတခေါင်းဆောင်တဲ့ ဒီ ခန္ဓာတစ်ခုလုံး အမြဲတစေဒုက္ခနဲ့ ယှဉ်လျက်နေတာကို၊ ဒကာတဲ့... စဉ်းစားကြည့်... စဉ်းစားကြည့်... အဲဒီလို စဉ်းစားကြည့်ပြီးတော့ ဒီ ဇီဝိတသန္တာန် မပြတ်ခင် သင်သည် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဗြဟ္မစရိယသုံးပါးကို စောစောက ကြိုတင်၍ ပွားများပါလို့၊ ဒီအလိုတော်နဲ့...

အနိမိတ္တ’ မနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။
ကသိရဉ္စ ပရိတ္တဉ္စ၊ တဉ္စ ဒုက္ခေန သံယုတံ။
ဟောဒီ ပထမဂါထာ ဟောပြီးတဲ့နောက် ဒီဒကာဘက်က စောဒကတက်စရာ ရှိတယ်။ ဘယ်လိုရှိသလဲဆိုတော့ "မြတ်စွာဘုရား၊ တပည့်တော်ရဲ့ သားကလေး တပည့်တော် မျက်စိအောက်က အပျောက်မခံဘဲနဲ့ အမျိုးမျိုး အသက်ရှင်ရာ ရှင်ကြောင်း မွေးကျွေးပါလျက်ကနဲ့ ဒီကြားထဲကနေပြီးတော့ မဖြစ်ကောင်းဖြစ်သွားလို့၊ မဖြစ်သင့်ဘဲနဲ့ ဖြစ်သွားလို့ တပည့်တော် စိုးရိမ်ပူဆွေး ငိုကြွေးတာပါဘုရား" လို့ သင်ကလျှောက်ဦးမလားတဲ့။ အဲဒီလျှောက်တဲ့၊ လျှောက်ချင်တဲ့၊ စောဒကတက်ချင်တဲ့ ဒကာရဲ့ စိတ်အကြံကို သိပြီးတော့...

န ဟိ သော ဥပက္ကမော အတ္ထ၊ ယေန ဇာတာ န မီယျရေ။
ဇရမ္ပိ ပတွာ မရဏံ၊ ဧဝံဓမ္မာ ဟိ ပါဏိနော။
ဥပါသက = ရတနာ သုံးရပ် ဆည်းကပ်ဘိသူ ဒါယကာ။ ယေနဥပက္ကမေန= အကြင် လုံ့လ ကြိုးကုတ် အားထုတ်ခြင်းဖြင့်။ ဇာတာ= ဖြစ်တိုင်း ဖြစ်တိုင်းသော သတ္တဝါတို့သည်။ န မီယျရေ= စုတိပြတ်ကြွေ မသေလွန်ကြကုန်။ သော ဥပက္ကမော= ထို သတ္တဝါတွေ မသေကြောင်း လုံ့လကောင်းသည်။ န ဟိ အတ္ထိ= မရှိဧကန် မှန်လှပေ၏။
သင်က အဲဒီလိုများ စောဒက တက်ဦးမလားတဲ့၊ ဤနည်းဖြင့် အသက်ရှည်အောင်လုပ်မယ် ဆိုပေမယ့် မသေအောင် ဆိုတဲ့ ဥပက္ကမမျိုး လောကမှာ တစိုးတစိ မရှိဘူး။ ဒါ့ကြောင့် တပည့်တော် အမျိုးမျိုး စောင့်ရှောက်ပါလျက်ကနဲ့ စောင့်ရှောက်တဲ့ ကြားက ပျက်စိးသွားလို့ တပည့်တော် သောကပရိဒေဝ မဖြစ်ချင်ဘဲနဲ့ ဖြစ်ရတာပါလို့ အဲဒီလိုလည်း ဆင်ခြေမပေးနဲ့။
ဒီတော့ ဒီ ဒကာရဲ့စိတ်ထဲ စဉ်းစားတယ်။ ဟင်... သေယင်လည်း သေဦးတော့၊ အသက်အရွယ်ကြီးမှ သေချိန်ကျလို့ သေလို့ရှိယင် တပည့်တော် သောကပရိဒေဝမီး မတောက်ပါဘူး။ အခုတော့ ငယ်ငယ် မအိုခင် သေသွားလို့ သောကပရိဒေဝမီး တောက်တာပဲ... လို့ အဲဒီလိုများ ဆင်ခြေပေးဦးမလား။ ဒီ ဆင်ခြေအခွင့်မရအောင် တရားသဘောနဲ့ မြတ်စွာဘုရား ပယ်ဖျောက်တော်မူလိုတဲ့အတွက်...
ဇရမ္ပိ ပတွာ မရဏံ၊ ဧဝံဓမ္မာ ဟိ ပါဏိနော။
ဇရံ= ဆွေးမြည့်ယိုယွင်း အိုမင်းခြင်းသို့။ ပတွာပိ= ရောက်၍လည်းကောင်း။ အပတွာပိ= မရောက်မူ၍လည်းကောင်း။ မရဏံ... စုတိပြတ်ကြွေ သေလွန်ရခြင်းသည်။ ဟောတိ= ဖြစ်၏။ ဟိ= မှန်၏။ ပါဏိနော= လူနတ်ဗြဟ္မာ သတ္တဝါဟူသမျှတို့သည်။ ဧဝံဓမ္မာ... ဤသို့ ဇရာသို့ရောက်၍လည်း သေ... မရောက်၍လည်း သေ... ဤသို့ သဘောရှိကြပေကုန်၏။

ဒီလို တရားဒေသနာနဲ့ ဟိုက ဆင်ခြေတက်စရာမရှိအောင် "ဒကာတဲ့...၊ လူတိုင်းလူတိုင်းဟာ ဇရာသို့ရောက်၍လည်း သေတတ်တယ်။ ဇရာသို့ မရောက်မူ၍လည်းပဲ သေတတ်တယ်။ ဒါ သတ္တဝါတွေရဲ့ ဓမ္မတာ။ ဓမ္မတာကို ဘုရားတောင် မကာကွယ်နိုင်ဘူး။ (ဟုတ်တယ်နော်)။ မြတ်စွာဘုရား အနန္တတန်ခိုးရှင်ဖြစ်တော်မူလင့်ကစား အိုချိန်ကျတော့ သက်တော်ရှစ်ဆယ်ဆိုယင် ဒါ အိုလာတာပဲ။ စောစောစီးစီးက ကြည့်လိုက်တယ်ဆိုယင် သုံးဆယ့်နှစ်ရပ်သော အနူဗျဉ္စန လက္ခဏတော်ငယ်တွေနဲ့ ရွှေတောင်ကြီးအလား အင်မတန်တင့်တယ်တဲ့ ရူပကာယ အသရေတော်တွေဟာ သက်တော် ရှစ်ဆယ်ရှိတယ်ဆိုယင် လျော့မှန်းမသိ လျော့ကုန်ပြီ။ အနားနားကပ်ကြည့်တဲ့ အခါကျတော့ အရေတော်ကလေးများ တွန့်လာတယ် ဘုရားကိုတောင် မညှာဘူး။

တစ်ချိန်က မြတ်စွာဘုရားဟာ ဇရာရဲ့ သဘောပေါ်အောင် ဒီ နေဆာလှုံတဲ့ အနေနဲ့ သင်္ကန်းတော်ချပြီးတော့ မြတ်စွာဘုရား နေတယ်။ အပြုအစုဖြစ်တဲ့ အရှင်အာနန္ဒာက ဘုရားရဲ့ အနီးက ကပ်ပြီးတော့ ကျောပြင်တော် ကြည့်တဲ့အခါ အရေတော်ကလေးများ တွန့်နေတာ တွေ့တယ်။ ဇရာရဲ့ ဒဏ်ချက် တွေ့တော့ ဓမ္မသံဝေဂရပြီး ဇရာကို ကြိမ်းမောင်းသော အနေနဲ့...
မီ တံ ဇမ္မိ ဇရေ အတ္ထု၊ ဒုဗ္ဗဏ္ဏကရဏီ ဇရေ။
တာဝ မနောရမံ ဗိမ္ဗံ၊ ဇရာယ အဘိမဒ္ဒိတံ။ (သံ၊ ၃။ ၁၉၀ )
တာဝ မနောရမံ= သို့စဉ်ကလောက် စိတ်နှလုံး(ကို) ရွှင်ပြုံးမွေ့လျော်စေနိုင်သော။ ဗိမ္ဗံ= မြတ်စွာဘုရား၏ ရွှေကိုယ်တော်မြတ်ကို။ ဇရာယ= နင်ဇရာသည်။ အဘိမဒ္ဒိတံ= ကြိတ်ခြေနှိပ်စက် ဖျက်ဆီးအပ်ခဲ့လေပြီ။ ဇမ္ဗိဇရေ= ယုတ်မာလှစွာ ဟယ်... ဇရာတရား။ တံ= နင်ဇရာ၏။ မီ= စက်ဆုပ်ရွံရှာဖွယ်သည်။ အတ္ထု= ဖြစ်စွတကား။ ဒုဗ္ဗဏ္ဏကရဏီ= ရုပ်ပျက် ဆင်းပျက်ဖြစ်အောင် နှိပ်စက်တတ်ပေသော။ ဇရေ= အယုတ်တမာ ဟဲ့... ဇရာ။ တံ= နင်ဇရာ၏။ မီ= စက်ဆုပ်ရွံရှာဖွယ်သည်။ အတ္ထု= ဖြစ်စွတကား… လို့...

ဓမ္မသံဝေဂ ရပြီးတော့ ရှင်အာနန္ဒာတောင် ဇရာကို ဤကဲ့သို့ ကြိမ်းမောင်းတဲ့ဂါထာ ရွတ်ရတယ်။
ဒီတော့ မြတ်စွာဘုရားက သတ္တဝါတိုင်း၊ သတ္တဝါတိုင်းဟာ... တဲ့၊ ဓမ္မတာကို မလွန်မြောက်နိုင်ဘူး။ အိုချိန်ကျယင် အိုခြင်း ဓမ္မတာ၊ သေချိန်ကျ သေခြင်း ဓမ္မတာ မလွန်မြောက်နိုင်သလို ဇရာသို့ ရောက်၍လည်း သေတတ်တယ်။ ဇရာသို့ မရောက်မူ၍လည်း သေတတ်တယ်။ အဲဒီလို သေတာဟာ သတ္တဝါတို့ရဲ့ ဓမ္မတာပဲ၊ ဘုရားတောင် မကာကွယ်နိုင်ဘူးတဲ့။

သစ်ပင်ကြီး၏ သြဇာဓာတ်နှင့် ခန္ဓာကိုယ် နှိုင်းယှဉ်ချက်

ဖလာနမိဝ ပဏ္ဍနံ၊ ပါတော ပတနတော ဘယံ။
ဧဝံ ဇာတာန မစ္စာနံ၊ နိစ္စံ မရဏတော ဘယံ။
ဥပါသက= ရတနာသူံးရပ် ဆည်းကပ်သသူ အို... ဒါယကာ။ (ဥပမာအားဖြင့် ပြောရလို့ ရှိယင်) ပက္ကာနံ= ရင့်ကုန် မှည့်ကုန်သော။ ဖလာနံ= သစ်သီးတို့၏။ ပါတော= နံနက်တိုင်း နံနက်တိုင်း၌။ ပတနတော= အညှာမှ ကြွေကျရခြင်းကြောင့်။ ဘယံ= ကြောက်လန့်ဖွယ်သည်။ ဟောတိ ဣဝ= ဖြစ်သကဲ့သို့။ ဧဝံ= ဤအတူ။ ဇာတာနံ... ဖြစ်တိုင်း ဖြစ်တိုင်း ကုန်သော။ မစ္စာနံ= သတ္တဝါတို့၏။ နိစ္စံ= အမြဲ။ မရဏတော= ခဏိက မရဏ၊ သမ္မုတိ မရဏ နှစ်ပါးဖြင့် တဖွားဖွားသေလျက် ရှိရခြင်းကြောင့်။ ဘယံ= ကြောက်လန့်ဖွယ်သည်။ ဟောတိ= ဧကန်စင်စစ် ဖြစ်ရ တကား….။
အဲဒီလိုများ သံဝေဂနှင့် စဉ်းစားကြည့်စမ်း။ သစ်သီးတွေ(ကို)မျှော်ပြီးတော့ ကြည့်စမ်း။ သစ်ပင်ရဲ့သဘောမှာ... တဲ့၊ နေ အရှေ့ကတက်တယ်ဆိုယင် နေအရှိန်ကြောက်လိုက်ယင် သစ်ပင်မှာရှိတဲ့ အပေါ် မြေအရသာ၊ ရေအရသာဆိုတဲ့ ပထဝီရဲ့ သြဇာဓာတ်တွေ၊ အာပေါရဲ့ သြဇာဓာတ်တွေဟာ အရွက်ကနေပြီးတော့ အကိုင်းလျှောကျတယ်။
အကိုင်းကနေပြီးတော့ ပင်စည်ကို လျှောကျတယ်၊ ပင်စည်ကနေပြီး အမြစ်(ကို) လျှောသွားတယ်။
အမြစ်ကနေပြီးတော့ မြေကြီးထဲ ပြန်ဝင်သွားတယ်။ ဒါ နေတက်တဲ့ အချိန်က နေဝင်တဲ့ အချိန်ထိအောင်၊ တစ်ခါ နေဝင်တဲ့ အချိန်က စပြီးတော့...
မြေကြီးထဲမှာရှိတဲ့ ပထဝီရသ၊ အာပေါရသဆိုတဲ့ မြေရဲ့ အဆီသြဇာ၊ ရေရဲ့အဆီသြဇာ ရသာဓာတ်ရည်က သစ်ပင်ရဲ့အမြစ်ထဲ ဝင်ပြန်တယ်။
အမြစ်ကမှ တစ်ဆင့် ပင်စည်။
ပင်စည်မှ တစ်ဆင့် အကိုင်း။
အကိုင်းမှ တစ်ဆင့် အရွက်။
အရွက်မှ တစ်ဆင့် အညှာ၊ အပွင့်၊ အသီး၊ ဒီလိုမြေသြဇာ၊ ရေသြဇာဟာ ညမှာ တက်၊ နေ့မှာလျှော၊ ညမှာ တက်၊ နေ့မှာ လျှော၊ ဒီလိုနေတယ်... တဲ့။

အဲဒီလိုနေရာက သစ်သီးများ အချိန်ကြာ ရင့်ရော်လာပြီဆိုယင် ဒီလို တက်လာတဲ့ မြေသြဇာ၊ ရေသြဇာတွေဟာ ညအခါ ပြန်ပြီးတော့ တက်လာသော်လည်းပဲ မြေကနေပြီး အမြစ်တော့ ရောက်တယ်။ အမြစ်က ပင်စည်ကို ရောက်တယ်။ ပင်စည်ကနေပြီး အကိုင်း အခက်၊ အကိုင်းအခက်နေပြီး အရွက်သာ သွားတော့တယ်။ အညှာ မသွားတော့ဘူး။ အညှာ မသွားတော့ဘူး။ မြေသြဇာ၊ ရေသြဇာ သစ်သီးက ရင့်လာယင် အဲဒီ ပထဝီရသာ၊ အာပေါရသာဟာ အညှာကို မကူးတော့ဘူး။
မကူးတော့ တစ်ရက်မကူး၊ တစ်ရက်မကူး၊ တစ်ရက်မကူး တော်တော်ကြာတော့ နေက ကြောက်ကြောက်ပေးတော့ အညှာလေးဟာ ခြောက်ရော်ပြီးတော့ မနက်တိုင်း မနက်တိုင်း မှည့်တဲ့ သစ်သီးတွေဟာ တဖြုန်းဖြုန်းကြွေကျမနေဘူးလား... တဲ့။ အဲဒီလို ကြွေကျနေတဲ့အတွက် ကြောက်ဖွယ်မဟီး သစ်သီးဘက်ကကြည့်ယင် ဘေးရှိသလို ဖြစ်တိုင်းသော သတ္တဝါတို့မှာ ခဏိကမရဏ၊ သမ္မုတိမရဏအနေနဲ့ ခဏတိုင်း ခဏသေ ကြေပျက်စီးနေရတဲ့အတွက် ကြောက်ဖွယ်မဟီး ဘေးကြီးပါတကားလို့ အဲဒီလိုများရှု... တဲ့။

ကွဲချိန်ကျယင် အိုးတွေကွဲသလို...
ယထာပိ ကုမ္ဘကာရဿ၊ ကတာ မတ္တိကဘာဇနာ။
သဗ္ဗေ ဘေဒနပရိယန္တာ၊ ဧဝံ မစ္စာန ဇီဝိတံ။
ကုမ္ဘကာရဿ= အိုးထိန်းသည်သည်။ ကတာ= ပြုလုပ်အပ်သမျှကုန်သော။ သဗ္ဗေ= ခပ်သိမ်းကုန်သော။ မတ္တိကဘာဇနံ= မြေညက်အိုးတို့သည်။ ဘေဒနပရိယန္တာ= ကွဲပျက်ခြင်းလျှင် အဆုံးရှိကြကုန်သည်။ ဟောန္တိ ယထာ= ဖြစ်ကုန်သကဲ့သို့။ ဧဝံ တထာ= ထို့အတူ။ မစ္စာနံ= သတ္တဝါတို့၏။ ဇီဝိတံ... ဇီဝိတမ္ပိ= ဇီဝထိန်းချုပ် နာမ်ရုပ် နှစ်ပါးလည်းပဲ။ ဘေဒနပရိယန္တာ= စုတိပြတ်ကြွေ သေလွန်ပျက်စီးရခြင်းလျှင် အဆုံးရှိပေ၏… လို့ အဲဒီလို မှတ်ထားပါ။
အိုးထိန်းသည်လုပ်သမျှ အိုးတွေ အချိန်ကျတော့ ကွဲကုန်တာလို ခပ်သိမ်းသော သတ္တဝါတွေကို ကံတည်းဟူသော အိုးထိန်းသည်က လုပ်ပေးလိုက်တဲ့ သတ္တဝါရဲ့ ခန္ဓာတည်းဟူသော အိုးတွေက ကွဲချိန်ကျ ကွဲသလို၊ သေချိန်ကျ သေကြတာပဲ... လို့ အဲဒီလိုလည်း စိတ်ထဲစွဲမြဲမှတ်ထား... တဲ့။ ကွဲချိန်ကျ အိုးတွေကွဲသလို၊ သေချိန်ကျ သတ္တဝါတွေ သေရကား...
ဒဟရာ စ မဟန္တာ စ’၊ ယေ ဗာလာ ယေ စ ပဏ္ဍိတာ။
သဗ္ဗေ မစ္စုဝသံ ယန္တိ၊ သဗ္ဗေ မစ္စုပရာယဏာ။
ဒဟရာ စ= အသက်အရွယ်ငယ်သော သူတို့သည်လည်းကောင်း။ မဟန္တာ စ= အသက်ကြီးသော သူတို့သည်လည်းကောင်း။ ဗာလာ... မသိမလိမ္မာကုန်သော။ ယေ စ= အကြင်သူတို့သည်လည်းကောင်း။ ပဏ္ဍိတာ= ပညာရှိကုန်သော။ ယေ စ= အကြင်သူတို့သည်လည်းကောင်း။ သဗ္ဗေ= ကြီးငယ်မဟူ ဉာဏ်ရှိ မရှိမဟူ ခပ်သိမ်းသော သူတို့သည်။ မစ္စုဝသံ= သေခြင်းတရားရဲ့ အလိုနိုင်ငံသို့။ ယန္တိ= လိုက်ပါကြရကုန်၏။ သဗ္ဗေ= ခပ်သိမ်းဥဿုံ အလုံးစုံသော သူတို့သည်။ မစ္စုပရာယဏာ= သေခြင်းတရားလျှင် နောက်ဆုံး လည်းလျောင်းရာ ရှိကုန်စါတကား….လို့... အဲဒီလိုလည်း သင့်စိတ်ထဲမှာ သံဝေဂယူထားစမ်းပါ။ မရဏဿတိ ယူထားစမ်းပါ။ ရှေ့ဆက်ပြီးတော့...

တေသံ မစ္စုပရေတာနံ၊ ဂစ္ဆတံ ပရလောကတော။
န ပိတာ တာယတေ ပုတ္တံ၊ဉာတီ ဝါ ပန ဉာတကေ။
ဂဟပတိ= အို... ဒါယကာ။ မစ္စုပရေတာနံ= သေခြင်တရား အနှိပ်စက် ခံရကုန်သော၊ (ဝါ) အနှိပ်စက် ခံရသောကြောင့်။ ပရလောကတော= တမလွန်လောကသို့။ ဂစ္ဆတံ= သွားရောက်ကြရ ကုန်သော၊ တေသံ= ထို သေတိုင်း သေတိုင်းသော ပုဂ္ဂိုလ်တို့အတွက်။ ပိတာ= ဖမိနှစ်ပါးက။ ပုတ္တံ= သားသမီးကို၊ န တာယတေ= ဘယ်လိုနည်းနဲ့မှ မစောင့်ရှောက်နိုင်။
စောင့်ရှောက်နိုင်ရဲ့လားတဲ့။ တမလွန်လောက သွားတော့မယ်လို့ ဆိုလို့ရှိယင် မိဘနှစ်ပါးက ငါ့သား၊ ငါ့သမီးကို မသေအောင် ဆွဲထားမယ်လို့ ဘယ်လိုများတားနိုင်တုံး၊ မတားနိုင်ပါဘူး။ မစောင့်ရှောက်နိုင်ပါဘူး။ အာ... မိဘနှစ်ပါးကသာ မတားနိုင်သလားလို့ဆိုတော့ မိဘနှစ်ပါးတည်း အားနည်းလို့ မတားနိုင်တာ မဟုတ်ဘူး
ဉာတီဝါ= ဆွေမျိုးတစ်စုတို့ကလည်းပဲ။ ဉာတကေ= ဘဝတမလွန် စွန့်လွှတ်သွားကြမယ့် ဆွေမျိုးတို့ကို၊ န တာယန္တေ= ဘယ်လိုနည်းနဲ့မှ မစောင့်ရှောက်နိုင်ကြကုန်။
ဒါ... ဓမ္မတာပဲတဲ့...

အသတ်ခံရမည့် နွားပမာ...
ပေက္ခတံယေဝ ဉာတီနံ၊ ပဿ လာလပတံ ပုထု။
ဧကမေကောဝ မစ္စာနံ၊ ဂေါဝဇ္စျော ဝိယ နီယတိ။

ဂဟပတိ= အို... ဒါယကာ။ မရဏဿတိ သံဝေဂနှလုံး ကျင့်သုံးလိုက်စမ်းပါတဲ့။ ဉာတီနံ= ဆွေမျိုးအပေါင်းတို့က။ ပေက္ခတံ ယေဝ= ကြည့်ရှုနေကြစဉ်ပင်။ အင်း... အခုဖြင့် ပြန်ပြီး သက်သာနိုးနိုး၊ ဟုတ်လား၊ ဆရာရောက်လာယင်၊ ဆေးတစ်ခွက်တိုက်လိုက်ယင် သက်သာကောင်းပါရဲ့၊ ဆရာ တိုက်ထားတဲ့ဆေးလေး အကွက်လည်ယင် ပြန်ပြီးတော့ အသက်ကလေး ရှင်လာကောင်းပါရဲ့လို့ အားလုံးဝိုင်းအုံကြည့်နေတုန်းမှာပဲ... တဲ့။ ပုထူ= အထွေထွေ အပြားပြား။ လာလပတံ= အမေ အဖေ စသည်ဖြင့် နှုတ်ကတတွတ်တွတ် ပြောဆိုကြကုန်သော။ မစ္စာနံ= သတ္တဝါတို့အနက်။ ဧကမေကောဝ= တစ်ယောက်စီ၊ တစ်ယောက်စီကိုပင်လျှင်။ ဂေါဝဇ္စျောဝိယ= အသတ်ခံရမယ့် နွားကဲ့သို့။ မစ္စုနာ= သေခြင်းတရားသည်။ နီယတိ= ဆွဲဆောင်၍ သွားအပ်ပါပေ၏။
ကြည့်စမ်းပါ... တဲ့။ နွားသတ်ရုံပို့မယ့်နွား မှန်းပြီးတော့ ကြည့်စမ်း။ နွားသတ်ရုံပို့မယ့်နွားဟာ တစ်လှမ်းလှမ်းလိုက်လို့ရှိယင် သေဖို့ရန် တစ်လှမ်းနီးတာပဲတဲ့။ ထို့အတူပဲ လူဆိုတဲ့ သတ္တဝါတွေလည်းပဲ တစ်ရက်လွန်သွားတာဟာ သေဖို့ရန် တစ်လှမ်းနီးသွားတာပဲ။ တစ်လလွန်သွားတာဟာ သေဖို့ရန်အတွက် တစ်လနီးသွားပြီ။ တစ်နှစ်ရှိသွားယင် သေဖို့ရန်အတွက် တစ်နှစ်နီးသွားပြီ၊ သေမယ့်ဘက်ကို တစ်နှစ်နီးသွားပြီ။

ဧဝမဗ္ဘာဟတော လောကော၊ မစ္စုနာ စ ဇရာယ စ။
ဧဝံ= ဤသို့။ လောကော= သတ္တဝါအပေါင်းတို့၊ မစ္စုနာ စ= သေခြင်းတရားသည် လည်းကောင်း။ ဇရာယ စ= အိုခြင်းတရားသည် လည်းကောင်း။
သေခြင်းဆိုတဲ့ တရားက အသတ်ခံရမယ့်နွားကိုကဲ့သို့ ဆွေးမြည့်ယိုယွင်း အိုမင်းရခြင်း ဆိုတဲ့ ဇရာတရားက လည်းကောင်း။
အဗ္ဘာဟတော= နေ့ရှိသမျှ အမြဲတစေ အနှိပ်စက်ခံ၍ နေရပါပေ၏။ ဣတိ= ဤသို့ ယသ္မာ= အကြင့်ကြောင့်။ ပဇာနန္တိ= ယထာဘူတ သဘာဝအား အမှန်အတိုင်း အပြားအားဖြင့် သိမြင်တော်မူကြပါပေကုန်၏။
တသ္မာ ဓီရာ န သောစန္တိ၊ ဝိဒိတွာ လောကပရိယာယံ။
တသ္မာ= ထို့ကြောင့်။ ဓီရာ= ပညာရှိတို့သည်။ လောကပရိယာယံ= လောကအကြောင်းကို။ ဝိဒိတွာ= သိ၍။ န သောစန္တိ= မစိုးရိမ်ကြကုန်။
အဲဒီလို သေခြင်းဆိုတဲ့ တရားက နေ့ရှိသမျှ နှိပ်စက်နေတာ၊ သေခြင်းဆိုတဲ့တရားဟာ နေ့ရှိသမျှ နှိပ်စက်နေတာဟာ လောကရဲ့ ပရိယာယ်ပဲ၊ လောကမှာ ဖြစ်မြဲဓမ္မတာပဲလို့ သိတဲ့ ပညာရှိဟာ မစိုးရိမ် မပူဆွေး မငိုကြွေးဖူးတဲ့။

ငိုလို့ အကျိုးရှိမယ်ဆိုယင် ငိုပါ...
ယဿ မဂ္ဂံ န ဇာနာတိ၊ အာဂတဿ ဂတဿ ဝါ။
ဥဘော အန္တေ အသမ္ပဿံ၊ နီရတ္ထံ ပရိဒေဝသိ။ ။
အာဂတဿ ဝါ= ဤဘဝသို့ လာသည်လည်းဖြစ်သော။ ဂတဿ ဝါ= တမလွန်လောက ဘဝတစ်ပါးသို့ သွားသည်လည်းဖြစ်သော။ ယဿ= အကြင်သူ၏။ မဂ္ဂံ= ခရီးလမ်းကို။ န ဇာနာတိ= မသိ။ တဿ= ထိုသူ၏။ ဥဘောအန္တေ= ဤဘဝသို့လာရာ တမလွန်လောက ဘဝတစ်ပါးသို့ သွားရာ ခရီးလမ်းကို။ အသမ္ပဿံ= ကောင်းစွာ မမြင်ရပါဘဲလျက်။ နိရတ္ထံ= အကျိုးမဲ့။ ပရိဒေဝသိ= ငိုကြွေးဘိ၏။
လောကမှာ ကြည့်ကြည့်စမ်း၊ ဒီဘဝကို ရောက်လာသူဟာ ဘယ်ဘဝကနေ ဖြစ်လာသလဲ၊ သေတော့ကော ဘယ်ဘဝ ရောက်သွားသလဲ၊ အဲဒီ လာရာ သွားရာခရီးကို ဘယ်သူသိတုံး၊ မသိဘူး၊ မမြင်လဲ မမြင်ဘူး၊ ထင်လဲ မထင်ဘူး။ အဲဒီလို မသိရဘဲ မမြင်ရဘဲ ငိုကြွေးပူဆွေးရတာ အကျိုးရှိရဲ့လား။ အကျိုးမရှိဘူး။

ပရိဒေဝယမာနော စေ၊ ကိဥ္စိဒတ္ထံ ဥဒဗ္ဗဟေ။
သမ္ဓုဠော ဟိ’သမတ္တာနံ၊ ကယိရာ စေ နံ ဝိစက္ခဏော။
ပရိဒေဝယမာနော= ငိုကြွေးသည်ဖြစ်၍၊ ကိဥ္စိဒတ္ထံ= အကျိုးတစ်စုံတစ်ရာကို။ စေ ဥဒဗ္ဗဟေ= အကယ်၍ ဆောင်နိုင်ခဲ့ပါမူ။ သမ္ဗုဠော= တွေဝေသည်ဖြစ်၍။ အတ္တာ နံ = မိမိကိုယ်ကို။ ဟိသံ... ဟိံသန္တော= ညှဉ်းဆဲလျက်။ ဝိစက္ခဏော= ပညာရှိသည်။ နံ= ထို ငိုကြွေးမှု စသည်ကို။ စေ ကယိရာ= အကယ်၍ ပြုရာ၏။
သေသူကို အကြောင်းပြု၍ ငိုလိုက်လို့ အကျိုးတစ်စုံတစ်ရာ ရမယ်ဆိုယင် မိမိကိုယ်ကို ညှဉ်းဆဲပြီး မူးမေ့လဲကျသွားအောင် ငိုလိုက်စမ်းပါ။ ပညာရှိပုဂ္ဂိုလ်ဟာလဲ ငိုကောင်း ငိုမှာပဲတဲ့။ ခုတော့ ငိုလို့ အကျိုးတစ်စုံတစ်ရာ ဘာရတုံး၊ ကိုယ်ပင်ပန်းရုံပဲ မဟုတ်လား။

ငိုကြွေးပူဆွေးခြင်းသည် ပင်ပန်းကြုံလှီသွားရုံသာ...
န ဟိရုဏ္ဏေန သောကေန၊ သန္တိံ ပပ္ပေါတိ စေတသော။
ဘိယျဿုပ္ပဇ္ဇတေ ဒုက္ခံ၊ သရီ ရံ စုပဟညတိ။
ဟိ= မှန်၏။ (ဝါ) ယခုမှာတော့။ ရုဏ္ဏေန= ငိုကြွေးမြည်တမ်းခြင်းဖြင့် လည်းကောင်း။ သောကေန= စိုးရိမ်ပူဆွေးခြင်းဖြင့် လည်းကောင်း။ စေတသော= စိတ်၏။ သန္တိံ= ငြိမ်းချမ်းခြင်းသို့။ န ပပ္ပေါတိ= ဘယ်လိုနည်းနဲ့မှ မရောက်နိုင်။

ငိုကြွေးကြည့်စမ်း၊ ငိုလေ စိတ်ပူလေ၊ ဘယ်တော့မှ စိတ်မအေးဘူး။ ပူဆွေးကြည့်စမ်း၊ ပူလေ ဆွေးလေ၊ စိုးရိမ်လေ၊ စိတ်ပူပန်လေ၊ ဘယ်တော့မှ စိတ်၏ငြိမ်း အေးခြင်းသို့ မရောက်နိုင်ဘူး။ (စိတ်မငြိမ်းတဲ့အပြင်)...
ဘိယျော= ဆတက်ထမ်ပိုး တိုး၍ တိုး၍။ အဿ= ထိုသူ့အား။ ဒုက္ခံ= ဆင်းရဲဒုက္ခသည်။ ဥပ္ပဇ္ဇတေ= ဖြစ်ရပေ၏။ သရီရံ စ= ခန္ဓာကိုယ်သည်လည်း။ ဥပဟညတိ= တစ်နေ့တစ်ခြား ပင်ပန်းညှိုးနွမ်း၍သာ သွားရာ၏။
ငိုစမ်း၊ ပူစမ်း၊ ငိုလို့ရှိယင် တစ်စုံတစ်ခု စိတ်မအေးရတဲ့အပြင် တိုးတိုးပြီးတော့ ဆင်းရဲဒုက္ခသာ ရောက်၊ ခန္ဓာကိုယ်လည်း တစ်နေ့တစ်ခြား ပင်ပန်းသွားတယ်တဲ့။
ကိသော ဝိဝဏ္ဏော ဘဝတိ၊ ဟိံ သမတ္တာန’ မတ္တနာ။
န တေန ပေတာ ပါလေန္တိ၊ နိရတ္ထာ ပရိဒေဝနာ။
ဥပါလက= ဒါယကာ။ ကိသော= စိုးရိမ်ပူဆွေးငိုကြွေးတဲ့သူသည် တစ်နေ့တစ်ခြား ကြုံလှီ၍ သွားသည်။ ဟောတိ= ဖြစ်၏။ ဝိဝဏ္ဏော= ရုပ်ရည်အဆင်း ပျက်ခြင်းမလှ ပျက်စီး၍ သွားရသည်။ ဘဝတိ= ဖြစ်၏။ အတ္တနာ= မိမိကိုယ်တိုင်ပင်။ (သူတကာက မနှိပ်စက်ရဘဲ) အတ္တနံ= မိမိကိုယ်ကို။ ဟိံသံ= ညှဉ်းဆဲနှိပ်စက်သည်မည်သည်။ ဘဝတိ= ဖြစ်ပေ၏။

ငိုတာ ပူဆွေးတာဟာတဲ့ အကျိုးမရတဲ့အပြင် တစ်နေ့ တစ်ခြား လူပိန်သွားတယ်။ တစ်နေ့တစ်ခြား ရုပ်ပျက် ဆင်းပျက် ဖြစ်ပြီးတော့ မိမိကိုယ်ကို သူတကာက မနှိပ်စက်ရဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ နှိပ်စက်တာ မည်ပါတယ်။
တေန= ထို စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဖြင့်။ ဝါ= ငိုကြွေးခြင်းကြောင့်။ ပေတာ= တမလွန်လောက ဟိုဘဝသို့ သွားရောက်ကြတဲ့ သားသမီး ဆွေမျိုးအပေါင်းတို့သည်။ န ပါလေန္တိ= ဘယ်လိုနည်းနဲ့မှ စောင့်ရှောက် မခံရ၊ ဘယ်လိုနည်းနဲ့မှ မျှတမှု မရှိကြကုန်။
ဟို တမလွန်လောကရောက်တဲ့ ပုဂ္ဂိုလ်တွေကို အကျိုးရယင် ဝိုင်းပြီး ငိုတာပေါ့တဲ့။ ဒီဘဝကနေပြီးတော့ ငိုနေတဲ့ပုဂ္ဂိုလ်က ငိုတယ်၊ ပရိဒေဝမီး တောက်နေတယ်၊ သောကမီး တောက်နေတယ် ဆိုယင် ဟို တမလွန် လောကမှ ဘဝခရီးသွားဖြစ်တဲ့ မိမိရဲ့သားသမီး ဆွေမျိုး ဆိုတဲ့ပုဂ္ဂိုလ်တွေက ဘဝခရီးသွား ပုဂ္ဂိုလ်ပီပီ ဒီဘဝက မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းများဆီက သူတို့ ဘာ တောင့်တမတုံး၊ ပြန်ကြည့်စမ်း။

ကုသိုလ်အမျှခွန်းကို သေသူတို့ မျှော်ကိုးနေကြ...
ပကတိ ခရီးသွားပုဂ္ဂိုလ်ဟာ ခရီးပန်း နွမ်းလို့ရှိယင်ဖြင့် ဝင်လိုက်တဲ့ အိမ်ထဲက ရေကြည် ရေအေးကလေးတစ်ပေါက် သောက်ပါရစေ၊ အိမ်ရှင်က ရေကြည် ရေအေးကလေး သောက်ပ၊ တစ်ပေါက် သောက်ပ မောင် ရယ် ဆိုပြီးတော့ ပေးယင် ဘယ်လောက် ဝမ်းသာလိုက် မလဲ။ အဲဒီလို ရေကြည် ရေအေးတစ်ပေါက်မပေးဘဲနဲ့ အိမ်ရှင်က ခရီးပန်းလာတဲ့ လူတစ်ယောက်ကို မီးတုတ် မီးစည်းကြီးနဲ့ ယမ်းယမ်းပြီးတော့ အိမ်ပေါက်ဝက ပြနေလို့ရှိယင် ဟို ခရီးသွားယောက်ျား ခရီးပန်းတဲ့ ယောက်ျားဟာ တိုး၍ တိုး၍ ပန်းတယ်၊ နွမ်းတယ် မဟုတ်လားတဲ့။
ထို့အတူပဲ သံသရာခရီးသွား ဖြစ်ကြတဲ့ မိမိရဲ့သား၊ မိမိရဲ့သမီး၊ မိမိရဲ့ ဆွေမျိုးများက တမလွန်လောက ဟို ဘဝမှာ ခရီးပန်းလို့ မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းများထံ ပြန်ပြီးတော့ မျှော်ခေါ် တောင့်တလို့ရှိယင်ဖြင့် ကုသိုလ်ကောင်းမှုတည်းဟူသော ရေကြည် ရေအေးကလေး တိုက်တာကိုပဲ သူတို့ မျှော်ကိုးမယ်။
ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။
နော= ငါတို့၏။ ဣဒံ= ယနေ့ ယခု ပြုအပ်တဲ့ ကုသိုလ်ကောင်းမှုသည်။ ဉာတီနံ= တမလွန်လောက ဟိုဘဝသို့ ပြောင်းသွားကြတဲ့ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေ၊ ငါ့မျိုးတို့အတွက်။ ဟောတု= ဖြစ်ပါစေသား။ ဉာတယော= ငါ့သား၊၊ ငါ့သမီး၊ ငါ့ဆွေ၊ ငါ့မျိုးတို့သည်။ သုခိတာ= ကာယစိတ္တ သုခနှစ်ပါးနဲ့ပြည့်စုံကြကုန်သည်။ ဟောန္တု= ဖြစ်ပါစေကုန်… လို့...

အဲဒီလို အမျှခွန်း ကုသိုလ်ကောင်းမှု ညွှန်းတယ် ဆိုတဲ့ ကောင်းမှု ရေကြည် ရေအေးကလေး တို့ကို တောင့်တတာတဲ့။ ဒီက ငိုနေလို့တော့ သောကမီးတုတ်ကြီး တစ်လှဲ့၊ ပရိဒေဝ မီးတုတ်ကြီး တစ်လှဲ့ မီးတုတ်ကြီး လှဲ့ယမ်းပြယင် မိမိသားပေါ်၊ မိမိသမီးပေါ်၊ မိမိဆွေပေါ်မျိုးပေါ်မှာ ဒီကနေပြီး သနားရာ ရောက်ကဲ့လား၊ ချစ်ရာ ရောက်ကဲ့လား။ မရောက်ဘူးဆိုတာပေါ့လေ။ ဒါ စဉ်းစားပေတော့တဲ့။ စဉ်းစားပြီးတော့ တစ်ကယ်သနားတယ်၊ တစ်ကယ်ချစ်တယ်ဆိုယင် သောက ပရိဒေဝ မီးတုတ် မီးစည်းကြီးများ ယမ်းပြီးမပြပါနဲ့။
ချစ်ယင် ကုသိုလ်ကောင်းမှု ရေအလျင် ရေကြည် ရေအေးကလေးများ ဘုရားကို ရေတော်တင်လို့၊ ဘုရားပန်းတော်တင်လို့ ရေကြည် ရေအေးတစ်ခွက်လောက် ပေးလိုက်ယင် ဟို… အင်မတန် သက်သာပါတယ်။

သောကမပ္ပဇဟံ ဇန္တု၊ ဘိယျော ဒုက္ခံ နိဂစ္ဆတိ။
အနတ္ထုနန္တော ကာလင်္ကတံ၊ သောကဿ ဝသံ မနွဂူ။
သောကံ= စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတရားကို၊ အပ္ပဇဟံ= အပ္ပဇဟန္တော= သူတော်တရားဖြင့် မပယ်ရှားသော။ ဇန္တု= ကံဆိုးမိုးမှောင် သတ္တဝါကောင်သည်။ မိမိသန္တာန်ကျရောက်လာတဲ့ သောကမီး၊ ပရိဒေဝမီးကို သူတော်တရားနဲ့ မပယ်ရှားတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ကံဆိုးမိုးမှောင်နဲ့ သတ္တဝါတစ်ယောက် ဖြစ်နေပြီ၊ ဖြစ်လို့ရှိယင်ဖြင့်...
သောကံ= စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဆိုတဲ့ တရားကို။ အပ္ပဇဟန္တော= သူတော်ကောင်းတရားဖြင့် မပယ်ရှား မစွန့်ပစ်သော။ ဇန္တု= ကံဆိုးမိုးမှောင် သတ္တဝါကောင်သည်။ ဘိယျော= ဆထက်ထမ်းပိုး တိုး၍ တိုး၍သာ။ ဒုက္ခံ= ကာယိကဒုက္ခစေတသိကဒုက္ခ နှစ်ပါးသို့။ နိဂစ္ဆတိ= ရောက်ရ၏။ ကာလင်္ကတံ= တမလွန်လောက ဟိုဘဝသို့ ပြောင်းသွားတဲ့သူကို။ အနတ္ထုနန္တော= နေ့ရှိသမျှတွေးကာ ဆွေမျိုး ပူပန်နေတဲ့အတွက်။ သောကဿ= သောက၏။ ဝသံ... အလိုနိုင်ငံသို့။ အနွဂူ= အစဉ်တစိုက်လိုက်ပါ၍ နေရကား။ ဒုက္ခံ= ကာယိကဒုက္ခ၊ စေတသိကဒုက္ခ နှစ်ပါးကို။ နိဂစ္ဆတိ= တိုး၍ တိုး၍သာ ရောက်ရှိရပေ၏။
သောကရဲ့အလို လိုက်ယင်ဖြင့် ကိုယ်ဟာ တိုး၍ တိုး၍သာ ကိုယ်စိတ်နှစ်ပါး မချမ်းသာဖို့ပဲ ရှိတယ်။ ဒါကြောင့် သောကအလို မလိုက်နဲ့။ ဒါဖြင့် တပည့်တော်တို့ ဖြေဖျောက်ဖို့ရန် ဘယ့်နှယ် တရားရှာရဦးမလဲဆိုတော့...

အညေပိ ပဿ ဂမိနေ၊ ယဟာကမ္မု ပဂေ နရေ။
မစ္စုနော ဝသမာဂမ္ဓ၊ ဖန္ဒန္တေဝိဓ ပါဏိနော။
တချို့နေရာ ကိုယ်ချင်းစာတရားထားပြီး ပယ်ဖျောက်သလို တချို့နေရာကျတော့လည်းပဲ သူချင်းစာတရားထားပြီးတော့ ပယ်ဖျောက်ရမယ်။
ဥပါသက= ဒါယကာ။ အညေပိ= ဒကာရဲ့သားမှ အခြားလည်း ဖြစ်ကုန်သော။ မစ္စုနော= သေခြင်းတရား၏။ ဂသံ= အလိုနိုင်ငံ အချိန်တန်မှုသို့၊ အာဂမ္ဓ= ရောက်လာသမှု အစွဲပြု၍။ ဣဓ= ဤလောက၌။ ဖန္ဒန္တေ= စုတိပြတ်ကြွေ သေခါနီးဝယ် တဖျပ်ဖျပ်တုန်လှုပ်၍ နေကြကုန်သော။ ယထာ ကမ္မုပဂေ= ကံအားလျော်စွာ သွားရောက်ကြရကုန်သော၊ ပါဏိနော နရေပိ= သတ္တဝါတို့ကိုလည်းပဲ။ ပဿပဿာဟိ= ပညာ စက္ခုဖြင့် သင်ဒါယကာ ကြည့်ယူ စမ်းပါ။

ကိသာဂေါတမီဝတ္ထု အကျဉ်းချုပ်...
သူတစ်ဦးတည်းမှ မဟုတ်ဘဲ၊ ကိုယ့်သားတစ်ဦးတည်းမဟုတ်ဘူးတဲ့။ မောင့်သားမှတစ်ပါး အခြားသောပုဂ္ဂိုလ်များလည်းပဲ သေခြင်းတရားကို မလွန်ဆန်နိုင်တဲ့အတွက် သေချိန်တန်တော့ တဖျပ်ဖျပ်တုန်လှုပ်၊ တလူ လဲလဲနဲ့ ဖြစ်ပြီးတော့ သွားကြရတဲ့ သတ္တဝါတွေလည်းပဲ ကြည့်မှပေါ့။

အဲဒီလို ကြည့်လို့ရှိယင်ဖြင့်...
န ဂါမဓမ္မော ( နော ) နိဂမဿ ဓမ္မော၊ န စာပိယံ ဧက ကုလဿ ဓမ္မော။
သဗ္ဗဿ လောကဿ သဒေဝကဿ၊ ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။
(အပ၊ ၂ ။ ၂၄၆ )
ဆိုတဲ့ ကိသာဂေါတမီ အမျိုးသမီးကလေး မျက်ရည်သိမ်းတဲ့ ဂါထာအတိုင်းနော်….။
ဟို... ဘုရားလက်ထက်တုန်းက ကိသာဂေါတမီလို့ အမျိုးသမီးကလေးတစ်ယောက် ပေါ်ပေါက်ဖူးတယ်။ ကုဋေလေးဆယ် ကြွယ်ဝတဲ့ သေဋ္ဌေးတစ်ယောက်မှာ သေဋ္ဌေးရဲ့ ကုသိုလ်ကံအဟုန် ကုန်တော့ ရှိသမျှသော ကုဋေလေးဆယ်သော စိန်တွေ ရွှေတွေ ငွေတွေဟာ အကုန်လုံး မီးသွေးခဲချည်းထဲ ဖြစ်ကုန်တယ်။ ပစ္စည်းတွေက မီးခံသေတ္တာကြီးထဲပေါ့လေ၊ ထည့်ထားရင်းကဖွင့်လိုက်တော့... ဟာ... စိန်ရော၊ ရွှေရော၊ ငွေရော အကုန်လုံး မီးသွေးခဲတွေဖြစ်နေတယ်။ အလွန် စိတ်ဆင်းရဲသွားတယ်။
စိတ်ဆင်းရဲပြီးတော့ကြံရာမရ ဖြစ်နေတဲ့အချိန်ဉာဏ်ရှိတဲ့ သူငယ်ချင်းတစ်ယောက် သူ့ထံမှောက် ရောက်လာ။ ‘ဟ... သူငယ်ချင်း၊ မျက်နှာပျက်လှချည်လား၊ ဘာပြုလို့လဲ’ဆိုတော့ ‘ဟာ... မပျက်ဘဲနေပါ့မလား၊ ကုဋေလေးဆယ်စလုံး မီးသွေးတုံးချည်းထဲဖြစ်ကုန်ပြီ။ ဟော ‘ဟိုကြည့်ပေတော့’ လို့ ဆိုတော့ အဲဒီလူက စဉ်းစားတက်တဲ့လူဖြစ်တော့ ‘ဟာကွာ... မင်းမပူပါနဲ့၊ မီးသွေးတုံးတွေ ဖြစ်ရုံ ဖြစ်တာပါကွာတဲ့၊ မင်း ဒီသေတ္တာကြီးထဲက ပျောက်သွားတာမှ မဟုတ်ဘဲတဲ့။ ဒီတော့ အစပျောက် အနပျောက်က ဖြစ်တာမဟုတ်တော့ မင်းရဲ့ကုသိုလ်ကံအဟုန် ကုန်ပြီးတော့ နောက် ကုသိုလ်ရှင်တစ်ယောက် လာမှာမို့လို့ သူ မီးသွေးဘဝ ပြောင်းနေတာ ဖြစ်ရမယ်ကွာတဲ့။ ဒီတော့ ဘာမှမလုပ်နဲ့ သူငယ်ချင်းတဲ့။ အဲဒီမီးသွေးတွေကို ဗန်းထဲထည့်ဟာ၊ ဗန်းထဲ ထည့်ပြီးတော့ အိမ်တံခါးပေါက်ကနေပြီး လမ်းသွားလမ်လာ လူတွေမြင်လောက်အောင် ပြထားကွာ’။
အဲဒီလို ပြထားလို့ လမ်းကလူတွေက ‘ဘယ့်နှယ်သေဋ္ဌေး၊ မီးသွေးတွေ ရောင်းနေသလဲ’ ဆိုယင် ‘ဟာ... ကိုယ်မှာ ရှိတဲ့ဥစ္စာ၊ ဆိုင်ခင်း မီးသွေးရှိ မီးသွေးခင်းရတာပ’လို့ ပြောလိုက်။ အဲဒီလိုထားတဲ့ လူထဲက နေပြီး တစ်ယောက်က ‘ဘယ်နှယ် စိန်တွေ ရွှေတွေကို ဘာပြုလို့ ဗန်းထဲ ထည့်ထားရသလဲ’ ဆိုယင် အဲဒီလူဟာ ဒီပစ္စည်းနဲ့ဆိုင်တဲ့ ဘုန်းရှင် ကံရှင်ပဲ။ အဲဒီ ပုဂ္ဂိုလ်ဟာ အမျိုးသမီးဖြစ်ယင် မောင် ချွေးမလုပ်တော့။ အမျိုးသားဖြစ်ယင် သင်... သူ့ကိုသားမက်ပြုလုပ်တော့။ သားမက် ပြုလုပ်ပြီး သူ စီမံပါစေ။ အဲ... သူစီမံတဲ့အတိုင်း မင်းသုံးစွဲတော့။ မင်းတော့ တစ်သက်လုံး မဆင်းရဲဘူး။ မင်းတော့ မစီမံနဲ့တော့၊ ဒီစိန်တွေ ရွှေတွေအပေါ်’

အဲဒီလို အကြံပေးတော့ ဗန်းထဲ ထည့်ပြီးတော့ အိမ်ပေါက်ဝက လူမြင်လောက်အောင် ထားတယ်။ မဆိုင်တဲ့ လူတွေက "ဟာ... သေဋ္ဌေးကလဲ မီးသွေးဆိုင် ခင်းထားသကိုး" ဆိုတော့ "ဟ... မီးသွေးရှိမီးသွေးခင်းရတာပ "ဒါလောက်ပဲ စကားပြန်ပြောလိုက်တယ်။
အဲဒီလိုနဲ့ တစ်နေ့တော့ အမျိုးသမီးကလေး တစ်ယောက် လာတယ်။ နာမည်က ‘ဂေါတမီ’။ ခန္ဓာကိုယ်ကြုံလှီတဲ့အတွက် ကိသာ ဆိုတဲ့ ဂေါတမီပိန်ကလေးပ။ ဟုတ်လား။ ကြုံလှီတာကို ကနေ့ ပြောယင်ပေါ့လေ... ပိန်တယ် ခေါ်တာ၊ ဂေါတမီပိန်ကလေး၊ အိမ်ရှေ့လျှောက်။
အဲဒီ ကလေးမက မီးသွေးတွေမြင်တော့ 'အဖေတို့၊ ဘယ့်နှယ် စိန်တွေ ရွှေတွေ ငွေတွေကို လူမြင်အောင် ဘာဖြစ်လို့ ဗန်းကြီးထဲ ထည့်ပြီး ခင်းထားရတုံး’ လို့ပြောတယ်။ ဒီတော့မှ ဒီသေဋ္ဌေးက သိတယ်။ သူပဲ ဘုန်းရှင်၊ ဒီကလေးမကိုပဲ ချွေးမပြုတယ်။ သူပဲ စီမံ၍ ဒီသေဋ္ဌေးအိမ်က ပြန်ပြီးတော့ သေဋ္ဌေးရဲ့ နဂို စည်းစိမ်အတိုင်း ချမ်းချမ်းသာသာပဲ နေကြတယ်။
ဒီလိုနေရင်းက သားကလေးတစ်ယောက် ထွန်းကားလာတော့ သားကလေးတစ်ယောက် ဖြစ်ထွန်းတာ အကြောင်းပြုပြီးတော့ သေဋ္ဌေးရဲ့ တစ်အိမ်လုံးဟာ သူ့ကို အမြတ်တနိုး တိုး၍ မြတ်နိုးကြဆို။ ဒီလို မြတ်နိုးရာက ကလေးကဖြုန်းခနဲ ပျက်စီးသွားတော့ ဪ... သားကလေး အကြောင်းပြုပြီး ငါ အားလုံးရဲ့ အမြတ်နိုး ခံရတယ်။ သားကလေး မရှိယင်တော့ဖြင့် ငါ့ကို မြတ်နိုးမှု ခံရတော့မှာ မဟုတ်တော့ဘူး ဆိုပြီးတော့ ဒီသားကလေးအလောင်း ဥတုဇကို မပစ်ဘဲနဲ့ ပွေ့ထားတယ်။ အပုပ်ကလေးပဲ၊ ပုပ်တာပဲ၊ ရူးသွားတာပ။

အဲဒီလို ပွေ့ထားပြီးတော့ သာဝတ္ထိပြည်ထဲ ဟိုအိမ်သွား၊ ဒီအိမ်သွား ‘ကျွန်မသားကလေး ပြန်ရှင်နိုင်တဲ့ဆေး ပေးကြပါ’လို့ ပြောတယ်။ အို... အိမ်တိုင်းအိမ်တိုင်းက နင်ရူးသလား၊ သေတဲ့လူ ပြန်ရှင်တဲ့ဆေး မရှိဘူးနဲ့၊ ငေါက်ကြ၊ အော်ကြ၊ ဟစ်ကြတော့မှ ပညာရှိတဲ့ ဒကာကြီး၊ သူတော်ကောင်းကြီး တစ်ယောက်က
"ဪ…..ဒီကလေးမဟာ သားသေတဲ့ဒုက္ခ သူ တွေ့ဖူးရှာမှာ မဟုတ်ဘူး။ မတွေ့ဖူးရှာလို့ သူ ဒီလို စိတ်နှလုံး ကတောက်ကတက် ဖြစ်နေတာပဲ။ ဒီတော့ ငါတော့ နည်းကောင်း လမ်းမှန် ဥပါယ်ကောင်းလေးပေးဦးမှပဲ" ဆိုပြီး "သမီး၊ နင့်သား ပြန်ရှင်တဲ့ဆေးကို လိုချင်ယင် ဟောဟို ဇေတဝန်ကျောင်းမှာ ဘုရားကိုယ်တော်မြတ်ကြီးရှိတယ်။ အဲဒီ ဘုရားကိုယ်တော်မြတ်ကြီးဆီ သွားတောင်း"လို့ ပြောတယ်။
မြတ်စွာဘုရားဆီ ဒီသားကလေး ပိုက်ပြီးတော့ သွားတာပဲ။ "ဘုရား….၊ တပည့်တော်မသား ပြန်ရှင်ရာ ရှင်ကြောင်းဖြစ်တဲ့ ဆေးကလေးများညွှန်ကြားတော်မူပါ၊ ပေးတော်မူပါ" ဆိုတော့ မြတ်စွာဘုရားက မုသားမပါဘဲနဲ့...
၁၇၅
"ဂေါတမီ၊ သာဝတ္ထိပြည်ထဲ သွားပြီးတော့ လူမသေဖူးတဲ့အိမ်က မုန်ညင်းဆီလေး တစ်ကျပ်သားလောက် ရဖို့တော်တယ်၊ ရယင် နင့်သား ပြန်ရှင်မယ်"လို့ ဘုရားက မုသားစိုက်ပြီးပြောတာ မဟုတ်ဘူးနော်။ မုန်ညင်းဆီလေး တစ်ကျပ်သားလောက်ရယင် တော်မှာပဲလို့ အဲဒီလို အမိန့်ရှိလိုက်တော့...
"ဟာ... မသေဆေးဖော်ဖို့ ဆေးနည်း၊ ဆေးမယ်ပဲ" ဆိုပြီးတော့ သာဝတ္ထိပြည်ထဲ သွားပြီးတော့ ရှင်တို့အိမ် မုန်ညင်းဆီလေး တစ်ကျပ်သားလောက်ပေးပါဆိုတော့ ထုတ်ပေးတယ်။
"နေပါအုံး၊ နေပါအုံး၊ တစ်ခု မေးပါရစေ၊ သင်တို့အိမ်ဟာ လူမသေဖူးတဲ့အိမ် ဟုတ်လား"လို့။
"ဟယ်... အိမ်ရယ်လို့ရှိယင် လူမသေသေးတဲ့အိမ် ဘယ်မှာရှိမလဲ၊ ညည်း ရူးသလားနဲ့" ပြောလိုက်တယ်။နောက်တစ်အိမ် သွားပြန်ရော။ဒီအိမ်က ဆီတောင်းပြန်တယ်။ နောက်တစ်အိမ်၊ နှစ်အိမ်၊ သုံးအိမ်လောက်သွားမိတော့ သတိရတယ်။ "ဪ….ငါက ထင်တာ၊ ငါတစ်ယောက်သာ သားသေတဲ့ ဒုက္ခနဲ့ တွေ့ရတယ်ထင်တယ်။ လူတိုင်း လူတိုင်း ဒီဒုက္ခနဲ့ပါတကား"
ဒီမှာ သတိရပြီးတော့ သာဝတ္ထိပြည်ထဲက ထွက်၊ ဥတုဇရုပ်ကလာပ်ကလေးကို သုသာန်မှာ ပစ်ပြီးတော့...

န ဂါမဓမ္မော (နော) နိဂမဿဓမ္မော၊ န စာပိယံ ဧကကုလဿ ဓမ္မော။
သဗ္ဗဿ လောကဿ သဒေဝကဿ၊ ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။
ယဒီဒံ... ယာ အယံ အနိစ္စတာ= ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်သော မမြဲခြင်းသဘောသည်။ အတ္ထိ= ရှိ၏။ အယံ= ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်ဆဲ မမြဲတဲ့သဘောသည်။ န ဂါမဓမ္မော= တံတိုင်းမရှိ ဈေးမရှိသဖြင့် သမ္ဗုတိဝေါဟာ ရွာဟု ပညတ် တစ်ခုသောအရပ်ဝယ် သတ်မှတ်ပိုင်းခြားတစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါဘူး။ နော နိဂမဿ ဓမ္မော= တံတိုင်းမစုံ ဈေးသာစုံ၍ နိဂုံခေါ်မှတ် တစ်ခုသော အရပ်ဝယ် သတ်မှတ်ပိုင်းခြား တစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါဘူး။ န စာပိ ဧကကုလဿ ဓမ္မော= တစ်မြို့တစ်ရွာတွင်း တစ်အိမ်တွင်းဝယ် သင်းသီးသန့်ခြား တစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါတကား။ သဗ္ဗဿ လောကဿ သဒေဝကဿ= နတ်ဗြဟ္မာနှင့်တကွသော အလုံးစုံသော သတ္တလောကကြီး၏။ ဧသေဝ ဓမ္မော= ဤ ဖြစ်လျှင် ပျက်မြဲ မလွဲတံထွာ ဓမ္မတာကြီးပါတကား… လို့...
အဲဒီလို သံဝေဂများ ရပြီးတော့ သောကမီး ငြိမ်းအေးတယ်။ သောက ကျတော့ ကိုယ်ချင်းမစာဘဲနဲ့ သူချင်းစာကြည့်ရတယ်။ အင်း... ငါတစ်ယောက်သာ ဒီ ဒုက္ခမျိုးတွေ့တာ မဟုတ်ဘူး၊ နတ်နှင့် တကွသောဗြဟ္မာနှင့်တကွသော သတ္တလောကကြီး တစ်ခုလုံးပဲ ဒီ အနိစ္စ သဘောကြီး မလွန်နိုင်ပါတကား…လို့ အဲဒီလိုကြည့်၍ သောက ပရိဒေဝမီး ပယ်ဖျောက်စမ်းပါ။ ဆက်ပြီးတော့ မြတ်စွာဘုရားက တရားဟောတယ်။

သောကငြောင့်ဆူးကို နုတ်ပယ်ပစ်ရန်...

ယေန ယေန ဟိမညန္တိ၊ တတော တံ ဟောတိ အညထာ။
ဧတာဒိသော ဝိနာဘာဝေါ၊ ပဿ လောကဿ ပရိယာယံ။
ဥပါသက= ဒါယကာ။ ယေန ယေန = အကြင် အကြင် အခြင်းဖြင့်။ မညန္တိ= အောက်မေ့မှတ်ထင်မျှော်ကိုးကြကုန်၏။ တတော= ထို အောက်မေ့မှတ်ထင် မျှော်ကိုးတဲ့ အခြင်းအရာမှ။ တံ= ထို ရုပ် နာမ်ဓမ္မ သင်္ခါရ တရား အစုကသာဖြင့်။ အညထာ= အောက်မေ့ မျှော်ကိုးတဲ့ အခြင်းအရာမှ တစ်ခြားတစ်ပါးသော အခြင်းအရာဖြင့်။ ဟောတိ= ဖြစ်ကြရိုးဓမ္မတာ။
ဒကာ…. စိတ်က ဘယ်လို အောက်မေ့ပေမယ့် ငါ အသက်ရှည်ရှည်နေမယ်၊ စိတ်က အောက်မေ့ပေမယ်လို့ တိုချင် တိုသွားတယ်။ ငါ့နှယ်နော် စိတ်ပျက်ပါဘိ။ သေချင်ပါပေါ့ ဆိုပေမယ်လို့ ဒီ ရုပ် နာမ်ဓမ္မ သင်္ခါရရဲ့ သဘောဟာ ဆင်းရဲဒုက္ခကြီးနဲ့ ဘဝရှည်ချင်လည်း ရှည်နေတယ်တဲ့။
ဧတာဒိသော ဝိနာဘာဝေါ။
ဝိနာဘာဝေါ= ရုပ် နာမ်ဓမ္မ သင်္ခါရတို့၏ ကွေကွင်း ကင်းကွာရခြင်းသည်။ ဧတာဒိသော... ဤသဘောရှိသည်ဟု မိမိမျှော်ကိုးပါမှ တစ်မျိုးသော အခြင်းအရာဖြင့် ဖြစ်လေ့ရှိရာ ဓမ္မတာပဲတဲ့။ လောကဿ ပရိယာယံ= သတ္တ သင်္ခါရ လောကနှစ်ပါးရဲ့ ဖြစ်ပုံ သဘောကို။ ပဿ... ပဿာဟိ= ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုပါလေ။
အပိဝဿသတံဇိဝေ ဘိယျော ဝါ ပန မာဏဝေါ။
ဉာတိသံဃံ ဝိနာ ဟောတိ၊ ဇဟာတိ ဣဓ ဇီဝိတံ။
ဥပါသက= ဒါယကာ။ မာဏဝေါ= သတ္တဝါသည်။ ဝဿသတံအပိ= အနှစ်တစ်ရာပင် ဖြစ်စေ။ ဘိယျောဝါ ပန= တစ်ရာထက် တိုး၍ဖြစ်စေ။ ဇီဝေ... ဇီဝတိ ဉာတိသံဃံ= ဆွေမျိုးအပေါင်းကို။ ဝိနာ= ကြဉ်ဖဲ၍။ မရဏကာလေ= စုတိပြတ်ကြွေ သေခါနီးကာလ၌။ ဇီဝိတံ= မိမိရဲ့ ရုပ် နာမ်နှစ်ဝ ဇီဝိတကို။ ဇဟာတိ= စွန့်ပယ်ရရိုး ဓမ္မတာ ဖြစ်ပေ၏။

တသ္မာ အရဟတော သုတွာ၊ ဝိနေယျ ပရိဒေဝိတံ။
ပေတံ ကာလင်္ကတံ ဒိသွာ၊ နေသော လဗ္ဘာ မယာ ဣတိ။
တသ္မာ= သို့ရကား။ ဥပါသက= ဒါယကာ။ ပေတံ ကာလင်္ကတံ= တမလွန်လောက ဟိုဘဝ ပြောင်းသွားတဲ့ သားသမီး အစရှိတဲ့သူကို။ ဒိသွာ= မျက်ဝါးထင်ထင် တွေ့ကြုံ မြင်ရသည်ရှိသော်။ ဧသော= ဤသေတဲ့တရားကို မသေပါနဲ့ဆိုတဲ့ သဘောကို။ မယာ= ငါသည်။ န လဗ္ဘာ= ဘယ်လိုနည်းနဲ့မှ မရကောင်းပါတကား။ ဣတိ= ဤသို့ လောကသဘောနက်နောစွာ စဉ်းစားပြီးသကာလ။ အရဟတော= မြတ်စွာဘုရား၏။ ဝစနံ= တရားစကားကို။ သုတွာ= ကြားနာပြီးတော့။ ပရိဒေဝိတံ= စိုးရိမ်ပူဆွေး ငိုကြွေးမှုကို။ ဝိနေယျ= ပယ်ဖျောက်ရာ၏။
စိုးရိမ်မှု၊ ပူဆွေးမှု။ ငိုကြွေးမှု တရားတွေကို ဪ…. ဒီ သေတဲ့သဘောကို ပြန်ရှင်ပါလို့ ငါ ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူး။ ငါသာမဟုတ်ဘူး၊ ဘုရား ပစ္စေကဗုဒ္ဓါတွေလည်း မရကောင်းပါတကားလို့ လောကရဲ့ သဘောကို နက်နက်နောနော စဉ်းစားပြီးသကာလ စိုးရိမ်မှု၊ ပူဆွေးမှုကို တရားနဲ့ ပယ်ဖျောက်ရမယ်။

သားသေသော ဒကာ သောကငြိမ်း၍ ကျွတ်တမ်းဝင်ခြင်း...

ယထာ သရဏ’ မာဒိတ္တံ ၊ ဝါရိနာ ပရိနိဗ္ဗယေ။
ဧဝမ္ပိ ဓီရော သပညော ၊ ပဏ္ဍိတော ကုသလော နရော။
ခိပ္ပမုပ္ပတိတံ သောကံ ၊ ဝါတော တူလံဝ ဓံသယေ။

လောက ဥပမာတစ်ခု ပြောကြစို့…
အာဒိတ္တံ= ရဲရဲပြောင်ပြောင် တောက်လောင်၍နေသော။ သရဏံ= အိမ်ကို။ ဝါရိနာ= ရေကြည် ရေအေးဖြင့်။ ပရိနိဗ္ဗယေ ယထာ= ငြိမ်းသတ်သကဲ့သို့။ (အိမ်မီးလောင်နေ၊ ထိုင် ငိုနေလို့ မီးငြိမ်းမလားတဲ့။ မငြိမ်းဘူး။ အိမ်(ကို) မီးလောင်လို့ ရှိယင် ကြိုးကြိုးစားစားနဲ့ ရေကြည်ရေအေးဖြင့် ငြိမ်းပြီးတော့ ပေးရမယ်။ ပေးရသလို) ဧဝမ္ပိ= ဤအတူပင်လျှင်။ ဓီရော= မြဲမြဲခိုင်ခံ့ တည်တံ့သော သမာဓိရှိသူ တစ်ယောက်ဖြစ်၍။ သပညော= ပဋိသန္ဓေ ဉာဏ်ပညာ ပါသူ တစ်ယောက် ဖြစ်၍။ ပဏ္ဍိတော= ဗဟုသုတနှင့် ပြည့်စုံသူတစ်ယောက် ဖြစ်၍။ ကုသလော= လိမ္မာသော။ နရော= လူသည်။ သောကံ= မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ သောကကို။ ပရိနိဗ္ဗယေ- ပရိနိဗ္ဘာယေယျ= ငြိမ်းသတ်ရာ၏။

အိမ်မီးလောင်တဲ့လူဟာ ရေကြည်ရေအေးနဲ့ ငြိမ်းသတ်သလို မိမိသန္တာန်မှာ ရောက်လာတဲ့ သောကတည်းဟူသော မီးတောက်ကြီးကို တရားတည်းဟူသော ရေကြည်ရေအေးနဲ့ ငြိမ်းသတ်ရမယ်။
ဝါတော= လေသည်။ ပတံ = ရွေ့လျောကျသော။ တူလံ= လဲဝါဂွမ်းကို။ ဓံသေတိယထာ= ဖျက်ဆီးသကဲ့သို့။ သောကံ= မိမိသန္တာန်မှောက်ရောက်လာတဲ့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်း သောကတရားကို။ ဓံသယေ-ဓံသေယျ= တရားတည်းဟူသော လေမုန်တိုင်းဖြင့် ပယ်ဖျောက် ဖျက်ဆီးပစ်ရမယ်။
လေဟာ ဝါဂွမ်းဆိုင်ကို တိုက်ခတ်၊ အရပ်တစ်ပါးရောက်အောင် လွှင်ပစ်သလို ပညာရှိပုဂ္ဂိုလ်ဟာ မိမိသန္တာန်မှာ ပေါ်ပေါက်လာတဲ့ သောကကို-
ဥပ္ပတိတံ= မိမိသန္တာန်၌ ဖြစ်သော။ သောကံ= သောကကို။ ခိပ္ပံ= လျင်မြန်စွာ။ ဓံသယေ= ဓံသေယျ= ပယ်ဖျောက်ရာ၏။

သောကကို တင်လားလို့ ဆိုတော့...
ပရိဒေဝံ ပဇပ္ပဉ္စ ၊ ဒေါမနဿဉ္စ အတ္တနော။
အတ္တနော သုခမေသာနော ၊ အဗ္ဗဟေ သလ္လမတ္တနော။

အတ္တနော= မိမိ၏။ သုခံ= ချမ်းသာသုခကို။ဧသာနော= တောင့်တလင့်ဆို အလိုရှိတဲ့ သူသည်။ အတ္တနော= မိမိ၏။ သန္တာနေ= သန္တာန်၌။ ဥပ္ပန္နံ= ဖြစ်ပေါ်သော။ ပရိဒေဝဉ္စ= ငိုကြွေးခြင်းကို လည်းကောင်း။ ပဇပ္ပဉ္စ= တောင့်တမျှော်ကိုးခြင်းကို လည်းကောင်း။ ဒေါမနဿဉ္စ= ဒေါမနဿ တရားကိုလည်းကောင်း။ သလ္လံ= ဖော်ပြရာပါ ပရိဒေဝ ပဇပ္ပ ဒေါမနဿဆိုတဲ့ ခန္ဓာကိုယ်ဝယ် တမျက်မျက်စူးဝင်တတ်တဲ့ ငြောင့်သုံးမျိုးကို။ အဗ္ဗဟေ-အဗ္ဗဟေယျ= တရားဓမ္မတည်းဟူသော လက်နက်ကောင်းဖြင့် ပယ်နုတ်ရာ၏။
ကိုယ့်သန္တာန် ရောက်လာတဲ့ သောကတည်းဟူသောငြောင့်တံသင်း၊ ပရိဒေဝတည်းဟူသော ငြောင့်တံသင်း၊ တောင့်တမှုဆိုတဲ့ ပဇပ္ပခေါ်သော တဏှာ ငြောင့်တံသင်း၊ ဒေါမနဿခေါ်တဲ့ စိတ်နှလုံး မသာယာမှု၊ မချမ်းသာမှုခေါ်တဲ့ ဒေါမနဿ ငြောင့်တံသင်းကို တရားတည်းဟူသော ညှပ်ကောင်း(မွေးညှပ်ကောင်း)ဖြင့် ခန္ဓာကိုယ်ထဲကနုတ်ပစ်ပါတဲ့။

အဗ္ဗုဠသလ္လော အသိတော၊ သန္တိံပပ္ပုယျ စေတသော။
သဗ္ဗသောကံ အတိက္ကန္တော၊ အသောကော ဟောတိ နိဗ္ဗုတော။
( အဗ္ဗူဠသောကော-ဟု ဆရာတော် ရွတ်ပါသည်။)

အဗ္ဗုဠသလ္လော = မိမိရဲ့ ခန္ဓာကိုယ်ဝယ် သောကတည်းဟူသော ငြောင့်တံသင်းကို ပယ်ရှင်း နုတ်ထွင်၍ ပြီးသောသူသည်။ အသိတော= တစ်စုံတစ်ခုသောသက်ရှိသက်မဲ့ ဝတ္ထုပေါ်မှာမှ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမီသည်ဖြစ်၍။

အဗ္ဗုဠသလ္လော= မိမိရဲ့ ခန္ဓာကိုယ်ဝယ် သောကတည်းဟူသော ငြောင့်တံသင်းကို ပယ်ရှင်း နုတ်ထွင်၍ ပြီးသောသူသည်။ အသိတော= တစ်စုံတစ်ခုသော သက်ရှိသက်မဲ့ ဝတ္ထုပေါ်မှာမှ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမီသည်ဖြစ်၍။
သောကငြောက်တံသင်းကို နုတ်ပစ်လိုက်ယင် ကိုယ်ပိုင်တဲ့ သက်ရှိ သက်မဲ့ဝတ္ထု ဘယ်ဝတ္ထုပေါ်မှာမှ တဏှာ မာန ဒိဋ္ဌိနဲ့ မမီတော့ဘူး။ အဲဒီလို မမီယင်- စေတသော= စိတ်၏။ သန္တိံ= ငြိမ်းအေးခြင်းသို့။ ပပ္ပုယျ-ပါပုဏတိ= ရောက်လိမ့်မယ်။ ( တဏှာ ဒိဋ္ဌိနဲ့ မမှီလို့ရှိယင် စိတ်ငြိမ်းတယ်၊ စိတ်ချမ်းသာတယ်။) စေတသော= စိတ်၏။ သ သန္တိံ= ငြိမ်းချမ်းခြင်းသို့။ ပပ္ပုယျ= ရောက်ပြီးသည်ရှိသော်။ သဗ္ဗသောကံ= ခပ်သိမ်းသော စိုးရိမ်ပူဆွေးမှုကို။ အတိက္ကန္တော= လွန်မြောက်သောသူသည်။ အသောကော= စိုးရိမ်ကင်းသော သူသည်။ ဟုတွာ= ဖြစ်၍။ နိဗ္ဗုတော= ကိလေသ ပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း အစဉ်အတိုင်း ဒုက္ခဇာတ်သိမ်းသူသည်။ ဟောတိ= ဖြစ်နိုင်ပါပေ၏။
သောကတည်းဟူသော ငြောင့်တံသင်းကိုသာ ရှင်းမိအောင် ရှင်းပါတဲ့။ သောကတည်းဟူသော ငြောင့်တံသင်းကို တရားဓမ္မတည်းဟူသော မွေးညှပ်ကောင်းနဲ့ ပယ်နုတ်ရှင်းပစ်လိုက်လို့ရှိယင်ဖြင့် စိတ်ရဲ့ငြိမ်းချမ်းမှုကို ရပါလိမ့်မယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုသို့ ရောက်ပါလိမ့်မယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုသို့ ရောက်လို့ရှိယင်ဖြင့် ခပ်သိမ်းသော သောကကို လွန်မြောက်ပြီးတော့ အသောကပုဂ္ဂိုလ်လို့ဖြစ်ပါလိမ့်မယ်။ အသောကံ= စိုးရိမ်ပူဆွေးမှု ကင်းတဲ့ ပုဂ္ဂိုလ် ဖြစ်လို့ရှိယင်ဖြင့် ခန္ဓပရိနိဗ္ဗာန်၊ ကိလေသပရိနိဗ္ဗာန်၊ အရဟတ္တမဂ်ခဏမှာ ကိလေသ ပရိနိဗ္ဗာန်၊ နှစ်တန် ဝင်စံချုပ်ငြိမ်း ဘဝဇာတ် ဒုက္ခဇာတ် သိမ်းတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလိမ့်မယ်လို့ အရဟတ္တဖိုလ် အနုပါဒါ ပရိနိဗ္ဗာန် နိဂုံးသတ်ပြီးတော့ သလ္လသုတ္တန် ဒေသနာတော်မြတ်ကို မြတ်စွာဘုရား တရားပွဲကြီး သိမ်းသွားတယ်။

အဲဒီ ဒကာလည်းပဲ သောကပရိဒေဝမီးတွေ ငြိမ်းပြီးတော့ ထိုအချိန်ကစ၍ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သော ဗြဟ္မစရိယကို တစ်နေ့တခြား ပွားများကြိုးကုတ် အားထုတ်၍ ဓမ္မာဘိသမယ သူတော်တရား ပိုင်းခြားထင်ထင် သိမြင်၍ သစ္စာလေးပါးတရား သိမြင်ကျွတ်တမ်းဝင်တဲ့ ဒကာတစ်ယောက်ရယ်လို့ ဖြစ်ရပါတယ်တဲ့။

ဒေသနာ နိဂုံး...
ဤသို့လျှင် ဂဟဋ္ဌဝန္ဒနာသုတ္တန် ၊ သလ္လသုတ္တန် ၂ ပါးကို ကြားနာရခြင်း= ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံ စေတနာ ၊ သရဏဂုံသီလဆောက်တည်ရခြင်း= သီလမယကောင်းမှုကုသိုလ်ကံ စေတနာ၊ နှစ်စဉ် နှစ်စဉ် နိဗဒ္ဓ ဒါနဝတ်တည်၍ မြတ်စွာဘုရား အမှူးရှိသော သံဃာတော် အရှင်မြတ်တို့နှင့်တကွ ကလျာဏ မိတ်အပေါင်းတို့အား မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်တို့ကို သဒ္ဓါပြဋ္ဌာန်း လှူဒါန်း ကျွေးမွေးရခြင်းတည်းဟူသောဗုဒ္ဓပမုခ သံဃိက ဘောဇန ဒါန ကောင်းမှု ကုသိုလ်ကံ စေတနာ၊ ထို ဗုဒ္ဓပမုခ ဘောဇန ဒါနကောင်းမှုကုသိုလ်သဘင် ဆင်ယင်ရာ၌ နှစ်စဉ် နှစ်စဉ် တရားပွဲသဘင်ဆင်ယင်၍ ကြွရောက်လာကြသော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား အမြိုက်အလှူ ပေးလှူရခြင်း တည်းဟူသော အမတဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဤသို့စသည် များမြတ် ပေါင်းအပ်သောကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး တည်းဟူသော တစ်ဆယ့်တစ်သီးမီးတို့ ငြိမ်းရာ ခေမာသီဝ အသင်္ခတဓာတ် စတုတ္ထနိဗ္ဗာန်တည်းဟူသော ပရမတ္ထ တရားတော်မြတ်ကို မပင်မပန်း ချမ်းသာလွယ်ကူသော အကျင့်ပဋိပဒါ ၊ လျင်မြန်သော ဝိပဿနာ ဥာဏ်ပညာ၊ ပန်ထွာတောင့်တရင်းရှိသော မဂ်ဥာဏ်လေးရပ်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်ရတဲ့ ကိုယ်၊ မျက်မှောက်ပြုရတဲ့ကိုယ် ဖြစ်ပါစေကုန်သတည်း။

ဖြစ်ရပါလိုသော် လို့လည်းပဲ ဆုတောင်းရ ၊ ဖြစ်လည်း ဖြစ်ကြပါစေကုန်သတည်း။

နိဗ္ဗာန်ကို အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုရသော ထိုနောက်ဆုံးဘဝဝယ် ပရိနိဗ္ဗာနစုတိ၏အခြားမဲ့ နောက်ကာလ၌ တစ်စုံ တစ်ခုသော ဘဝ ၊ ဂတိ၊ ယောနိ၊ ဝိညာဏဋ္ဌိတိများမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာ ဝဋ်မီးစာတရားတို့ တစ်ဖန်မဖြစ်သော ချုပ်ခြင်း ငြိမ်းခြင်း အနုပ္ပါဒနိရောဓ၊ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရပါစေကုန်သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက်မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန်သတည်း...။
သာဓု။ သာဓု။ သာဓု။

သလ္လသုတ္တန် တရားတော် ပြီးပြီ။

Friday, January 8, 2010

သုမနာသုတ္တန် တရားတော်...

ကောဇာသက္ကရာဇ် ၁၃၄၉-ခု၊ သာသနာ၂၅၃၁-ခုနှစ်၊ နတ်တော်လဆန်း ၂-ရက်နေ့၊ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ ဦးသန်းအောင်-ဒေါ်ခင်နွဲ့ထွန်းမိသားစုတို့က မွှေးနေ့မင်္ဂလာ အလှူအဖြစ် သံဃာတော် အရှင်မြတ်တို့နှင့်တကွ ကလျာဏမိတ် ပရိသတ်တို့အား ဆွမ်း ခဲဖွယ် ဘောဇဉ် ကျွေးမွေးလှူဒါန်းခြင်း၊ နဝကမ္မ သံဃာ့ပူဇာ လှူဒါန်းခြင်းဆိုတဲ့ ကောင်းမှုကုသိုလ် သဘင်ပွဲနှင့် ပတ်သက်ပြီးတော့ သုမနာသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု နာယူမှတ်သား ဗဟုသုတပွားရအောင်…။

ဗန္ဓုမ မင်းကြီး၏ ဗုဒ္ဓ ဓမ္မ သံဃ မစ္ဆရိယဖြစ်ပုံ...
လွန်ခဲ့သော ၉၁- ကပ္ပါထက် ဝိပဿီမြတ်စွာ သာသနာပွင့်ထွန်းတဲ့အချိန်မှာ ဝိပဿီဘုရား အမှူးပြုတဲ့ သံဃာတော်များကို ခမည်းတော် ဗန္ဓုမမင်းတရားက” ဝိပဿီဘုရားဆိုတာဟာ ငါ့ရဲ့ သားတော် ဝိပဿီ မင်းသားတောထွက်၊ ရဟန်းပြု၊ ဒုက္ကရစရိယာကျင့်လို့ ဖြစ်လာတဲ့၊ ပွင့်လာတဲ့ဘုရား၊ ငါ့သားဘုရားမို့လို့ငါ့ဘုရား၊ ငါ့သားဖြစ်တဲ့ ဝိပဿီမြတ်စွာဘုရားမို့လို့တရားလည်း ငါ့တရား၊ ငါ့သားဖြစ်တဲ့ ဝိပဿီမြတ်စွာဘုရားရဲ့ တပည့်သာဝက သံဃာမို့လို့ သံဃာလည်းငါ့သံဃာ” လို့ သူကဘုရားရယ်၊ တရားရယ်၊ သံဃာရယ် ဒီရတနာသုံးပါးအပေါ်မှာ တော်တော်ပဲ မရက်မစက် မြတ်နိုးတနာရှိပြီးတော့ ဒီဘုရားနှင့်တကွ သံဃာများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးအားလုံး ငါ့တာဝန်ရှိတယ်။

အဲဒီလို စဉ်းစားမိပြီးတော့ ဘုရားနှင့်တကွ သံဃာတော်များနေဖို့ ကျောင်းလည်းပဲ ဗန္ဓုမမင်းကပဲ ဆောက်ပေး၊ တစ်ဖန် နေ့စဉ် နေ့စဉ်လည်းပဲ ဘုရားအမှူးရှိတဲ့ သံဃာကို ဗန္ဓုမမင်းကြီးက နန်းတော်မှာပဲ ပင့်ပြီးတော့ ဆွမ်းပန်း ဆက်ကပ်၊ အို-ကျောင်းကဆင်းယင် နန်းတော်ရောက်၊ နန်းတော်ကလာယင်လည်းပဲ ကျောင်းတော်ရောက်၊ တိုင်းသူပြည်သားတွေဟာ ဘယ်သူမှ ဘာမျှ မပေးရ၊ မလှူရ၊ မတန်းရတော့ ရက်ပေါင်း၊ လပေါင်း တော်တော် လေး ညောင်းလာတယ်ဆိုလျှင် လှုပ်ရှားလာတယ်။

“ဘာလဲကွာ- ဗန္ဓုမမင်းတရားသာ ငရဲမီးပူတာမဟုတ်ဘူး၊ တို့လည်းပဲ ပူတာပဲ။ သူ ငရဲမီး ငြိမ်းချင်လွတ်ချင်သလို တို့လည်းပဲ လွတ်ချင်တာပဲ၊ ဒီတော့ကိုဘုရားအမှူးရှိတဲ့ သံဃာကို ပြုစုဖို့ရန် ငါတို့အရေးဆိုမယ်” ဆိုတဲ့အနေနဲ့ လူတွေဟာ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

ခေါင်းဆောင်ရှိမှ အောင်မြင်မှုရ...
ဒီအတွင်းမှာ ဆင်ခြင်တတ်တဲ့ အမျိုးကောင်းသားတစ်ယောက်က- အနာယကာ ဝိနာဿန္တိ-တဲ့။

မိတ်ဆွေတို့...
အနာယကာ= ရှေ့သွားခေါင်းဆောင်မရှိတဲ့ ပုဂ္ဂိုလ်များသည်။
ဝိနဿန္တိ= ပျက်စီးတတ်ကုန်၏။
“ရှေ့က ခေါင်းဆောင်နာယကရှိမှ အလုပ်ဆိုတာ အောင်မြင်တာ၊ သည်တော့ တို့ရှေ့က ခေါင်းဆောင် နာယကတစ်ဦး ရွေးရအောင်” လို့ အားလုံး တိုင်ပင်ညှိနှိုင်းတဲ့အခါ ကျတော့ စစ်သေနာပတိကို မြင်ကြတယ်။ ဒါနဲ့ ဒီလူကြီးတွေ စစ်သေနာပတိထံ သွား။
“ကျွန်တော်တို့ရှေ့က မားမားမတ်မတ်ရပ်ပြီး ဝိပဿီဘုရားအမှူးပြုတဲ့ သံဃာကို ကျွန်တော်တို့ တိုင်းသူပြည်သား လူအများပါ ပြုစုခွင့်ရအောင် အရေးဆိုပေးပါ”

အဲဒီလိုဆိုတဲ့အခါ စစ်သေနာပတိပြုလုပ်တဲ့ ပုဂ္ဂိုလ်က...
“ကျွန်တော်လည်းအရေးဆိုချင်နေတာပဲ၊ ကျွန်တော်လည်း မလှူရ၊ မတန်းရဘူး၊ ကျွန်တော်လည်း လှူချင်တယ်၊ ဒီတော့ ကျွန်တော် ရှေ့ကနေပြီးတော့ ခေါင်းဆောင်နာယကအဖြစ်နဲ့ အရေးဆိုပေးပါ့မယ်၊ အောင်လာလို့ရှိယင် ပထမနေ့ ကျွန်တော် ဘုရားအမှူးရှိတဲ့သံဃာကို ပြုစုပါရစေ” လို့ အဲဒီလိုပြောတယ်။ အားလုံး သဘောတူပြီးတော့ စစ်သေနာပတိကိုရှေ့ကထား၊ တိုင်းသူပြည်သားတွေ ဗန္ဓုမမင်းတရားရဲ့ နန်းတော်မြေကွက်လပ်ထဲမှာ အကုန်သွားပြီးတော့ လူတွေစုကြ၊ စစ်သေနာပတိကအားလုံး လူတွေကို နန်းတော်ရင်ပြင်မှာ ထားခဲ့ပြီးတော့ သူတစ်ယောက်တည်း ဗန္ဓုမမင်းတရားက-

“ စစ်သေနာပတိ၊ လူတွေဘာလဲ အုံးအုံးကျက်ကျက်နဲ့”
“သူတို့ကဘုရားအမှုးရှိတဲ့သံဃာကို သူတို့လည်းပြုစုချင်လို့ အရေးဆိုဖို့ လာတာပါပဲ”
“ မပေးနိုင်ဘူး” လို့ပထမငြင်း။
“မပေးလို့မဖြစ်ပါဘူး အရင်ဘုရား၊ ပေးမှဖြစ်မှာ”
“မပေးလို့ပြော မရလို့ရှိယင် စစ်တပ်နဲ့နှိမ်မှာပေါ့”
စစ်တပ်နဲ့နှိမ်လို့မဖြစ်ဘူး၊ “ကျွန်တော်မျိုးကိုယ်တိုင်က တိုင်းသူပြည်သားတွေရှေ့က ဒီကိစ္စမှာ အရေးဆိုနေတာ”

စစ်သူကြီး ဆွမ်းကျွေးပွဲ...
ပြောဆိုတဲ့အရေး အောင်လာတော့ မူလ ကတိကဝတ်အတိုင်း နက်ဖြန်ခါ ဘုရားအမှုးရှိတဲ့ သံဃာကိုစစ်သေနာပတိအိမ်မှာ ပထမဆုံးဝတ်ကြီးဝတ်ငယ် ပြုစုဒါန်းခွင့်ရ၊ စစ်သေနာပတိ သူအိမ်ကနေပြီး ကျောင်းအရောက် စစ်ဗိုလ်စစ်သားတွေ အစောင့်ချထား သူတို့ကို ပြောထားတာကလည်း...
အဇ္ဇ ယထာ အညော ကောစိ ဧကဘိက္ခမ္ပိ န ဒေတိ၊ ဧဝံ ရက္ခထ။
“ရဲဘော်တို့၊ ငါမှတစ်ပါး အခြားလူတစ်ဦးတစ်ယောက် ခဲဖွယ်ဘောဇဉ် တစိုးတစိ မလှူနိုင်အောင် မင်းတို့စောင့်ရှောက်ရမယ်” သူအမိန့်က ဒီလိုပေးထားတယ်။

အဲဒိနေ့ညနှေ ဗန္ဓုမတီမင်းနေပြည်က ကွယ်လွန်သွားတဲ့ သဋ္ဌေးကြိးရဲ့ သမီးလေးက ဂဂါင်္မြစ်ဆိပ်က နေပြီးတော့ အဖော်အမျိုးသမီးတွေနဲ့ မိမိအိမ်ကိုပြန်လာတဲ့အခါ အိမ်ကသေဋ္ဌေးကြီးက သည်းစွာငိုကြွေးတယ်။
“အမေဘာပြုလို့ငိုတာလဲ”
“င့ါသမီး၊ ငါ့သမီးရဲ့အဖေမရှိလို့၊ ငါ့သမီးရဲ့အဖေရှိယင်နက်ဖြန် ဘုရားအမှူးပြုတဲ့ သံဃာတို့ကို အရင်လှူရမှာ၊ အခုတော့ သမီးအဖေမရှိတော့ ဘယ်ရက်ကပ်လှူရမယ် မသိဘူး၊ ဒါကြောင့်အမေငိုတာပါ” ဆိုတော့ သမီးလေးကဘာပြောလဲဆိုတော့-

အမ္မ မာ စိန္တယိ= “အမေ ဘာမှတွေးပြီးတော့ စိတ်ထဲမပူပါနဲ့”
အဟံ တထာ ကရိဿာမိ၊
ယထာ ဗုဒ္ဓပ္ပမုခေါ သံဃော အမှာကံ ပဌမံ ဘိက္ခံ ဘုဥ္ဇိဿတိ။
( အံ၊ ဋ္ဌ၊ ၃။ ၁၃။ )

“ဘုရား အမှူးရှိတဲ့ သံဃာ သမီးတို့ရဲ့ဆွမ်းကို အရင်ဆုံး ဘုန်းပေးအောင် သမီး စီမံပါမယ်”

အဲဒိလိုပြောပြီးတော့ မိမိရဲ့အဖော်ဖြစ်တဲ့ အမျိုးသမီးများကို ဗန္ဓုမတီ မင်းနေပြည်က ဈေးတွေအကုန်လွတ်ပြီးတော့ မြတ်လေးပန်းတွေ အကုန်လုံး အဝယ်ခိုင်းတယ်။ အဲဒီမြတ်လေးပန်းတွေ ဈေးတွေက အကုန်လုံး ညထမင်း စားပြီးပေါ့ ဆိုကတည်းကိုက သေဌေးသမီးနှင့်တကွ အမျိုးသမီးတွေဟာ မြတ်လေးပန်းကုံး တစ်ကုံးပြီးတစ်ကုံး၊ တစ်ကုံးပြီးတစ်ကုံး သူတို့ကုံးကြ၊ သန်းခေါင်ကျော်တော့ ရေမရောတဲ့ နို့ ဃနာဆွမ်းချက်၊ နေသားတကျ ဖြစ်ပြီးဆိုတော့မှ အဲဒီနို့ ဃနာဆွမ်းကို တစ်သိန်းတန်တဲ့ ရွှေခွက်ထဲထည့်၊ အပေါ်ကအဖုံးအုပ်၊ ကတ္တီပါကြိုးနဲ့ တုပ်ပြီးတော့ ဒီအပေါ်က မြတ်လေးပန်းကုံးတွေ အထပ်ထပ်ရစ်ပတ်၊ ဖြုန်းခနဲကြည့်လိုက်ယင် မြတ်လေးပန်းလုံးကြီးပဲ။ အဲဒီလို ထင်အောင်မြင်အောင် မြတ်လေးပန်းကုံးတွေ အထပ်ထပ်အုံပြီးတော့ အချိန်ကျပြီ ပြောပါတော့။ ငါးနာရီ ကျောင်းကတုံးမောင်းခေါက်တဲ့ အခါကျတော့ သူဌေးသမီးလေးက သူကိုယ်တိုင်ပဲ မြတ်လေးပန်းလုံးကြီးရွက်၊ ဘုရားအမှူးရှိတဲ့ သံဃာ ကြွလာမယ့် လမ်းကိုသွား လမ်းခင်းမယ်ကြံတော့ အဲဒိမှာနေတဲ့ စစ်ဗိုလ် စစ်သားက-

အမ္မ မာ ဣတော အာဂမာ။ “ သမီး၊ ဒီလမ်းက မသွားရဘူး "
အဲဒီလိုပြောတဲ့အခါ-

“ ဦးလေးတို့- ဦးကြီးတို့၊ ဘာပြုလို့ သမီးကို ဒီလမ်းက သွားခွင့်မပြုတာလဲ”
“စစ်သေနာပတိက သူမှတစ်ပါး အခြားလူတစ်ဦးတစ်ယောက် ခဲဖွယ်ဘောဇဉ် တစိုးတစိ မလှူနိုင်အောင် မင်းတို့ စောင့်ရမယ်လို့ ပြောထားလို့ “ ဆိုတော့ ဒီသူဌေးသမီးလေးက ဘာပြောလဲ။
“ဦးကြီးတို့-ဦးလေးတို့၊ သမီးရဲ့လက်ထဲမှာ စားဖွယ် သောက်ဖွယ် ဘာများမြင်လို့တုံး" လို့ဆိုတော့-
“ မြတ်လေးပန်းလုံးပဲ ငါတို့မြင်တာပဲ “ ပြောတော့ဒီသူဌေးသမီးလေးက-
“ ဦးကြီးတို့-ဦးလေးတို့ရဲ့ စစ်သေနာကတိကြီးက ပန်းကလေးမှ ပူဇော်ခွင့်မပြုဘူးလား”

ဒီတော့ စစ်ဗိုလ် စစ်သားက-
“ တို့ကို စစ်သေနာပတိ အမိန့်ပေးထားတာက ခဲဖွယ်ဘောဇဉ် တစိုးတစိ မလှူနိုင်အောင် စောင့်ရမယ်ပြောတာ၊ အဲဒီ ပြောတဲ့အထဲမှာ ဆွမ်းမလှူနိင်အောင် စောင့်ရမယ်ပြောတာ၊ အဲဒီ ပြောတဲ့အထဲမှာ ပန်းမလှူနိုင်အောင် စောင့်ရမယ်ဆိုပြီး ပန်းမပါဘူး”

ဒီတော့ ပန်းကလေးမှ လှူဖို့ရန် ခွင့်မပေးဘူးလားဆိုတော့ စစ်ဗိုလ် စစ်သားတွေက-
ဒေတိ အမ္မ - “ပန်းလောက်တော့ကွယ် လှူဖို့ခွင့်ပေးတယ် သမီးလေး”
ဒီတော့ မင်းသမီးလေးက ငါ အောင်နိုင်ပြီ ဆိုပြီးတော့-

တေနဟိ အပေထ= ဒါဖြင့်ရင်လည်းပဲ ခဏဖယ်ပေးပါ၊ သမီး မြတ်လေးပန်းကုံး ဘုရားလှူချင်လို့ ဆိုပြီးတော့ ပြောပြောဆိုဆိုပဲ လမ်းထဲ ရောက်သွား၊ သူတို့ ပြောဆိုနေတုန်းပဲ ဝိပဿီဘုရား သံဃာတွေနဲ့ကြွလာ၊ သေဋ္ဌေးသမီးလေးက ဒူးတုပ်ပြီးတော့ မြတ်လေးပန်းလုံးကြီး မြှောက်ပြီးတော့-

မာလာဂုဠံ ဂဏှထ ဘဂဝါ။
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မြတ်လေးပန်းကုံးကို အလှူခံတော်မူပါ”
အဲဒီလို လျှောက်တဲ့အခါ ဝိပဿီ မြတ်စွာဘုရားက ပင်ကိုပကတိ မံသစက္ခုခေါ်တဲ့ မျက်စိပေါ့၊ ပကတိမျက်စိနဲ့ပဲ မြတ်လေးပန်းကုံးကို ဖောက်ပြီးတော့ အထဲကရွှေခွက်ကြီးကို မြင်တယ်။ ဒီဘုရားအလောင်းကို ဝိပဿီလို့ နာမည်မှည့်တာကိုက သူက ထူးဆန်းတာက တစ်ယူဇနာအတွင်းမှာ အကုန်လုံး တံတိုင်းတွေ ဘာတွေ ခြားချင်ခြား၊ ဒါတွေအကုန်ဖောက်ပြီးတော့ ပကတိမျက်စိနဲ့ မြင်လို့ သူ့ကို ဝိပဿီလို့ နာမည်မှည့်ထားတာ။

အခု မြတ်လေးပန်းကုံးတွေ အထဲက ရွှေဖလားကို ပကတိ မျက်စိနဲ့ မြင်တာ ဖြစ်ပါတယ်။ အဘိညာဏ် မျက်စိနဲ့ မဟုတ်ဘူး။ အဲဒီမှာ မြတ်စွာဘုရားက ကိုယ်တော်ရဲ့ အနားကလိုက်ပါလာတဲ့ စစ်ဗိုလ်ကို-
“အဲဒီ မြတ်လေးပန်းကုံးကို ကပ္ပိယ အလှူခံလိုက်ပါ” ဆိုတော့ သေဋ္ဌေးသမီးလေးက စစ်ဗိုလ်ရဲ့ လက်ထဲ မြတ်လေးပန်းကုံးထည့်ပြီးတော့ ဆုတောင်းတယ်။

ဤမြတ်လေးပန်းကုံး လှူဒါန်းရတဲ့ ကောင်းမှုကြောင့် ဖြစ်လေရာရာ ဘဝ ဘဝမှာ ပင်ပင်ပန်းပန်း နွမ်းနွမ်းနယ်နယ် အသက်ရှင်တဲ့ကိုယ် မဖြစ်ပါရစေနဲ့၊ မပင်မပန်း မနွမ်းမနယ် ချမ်းချမ်းသာသာ ဘဝတိုင်း ဘဝတိုင်း ‘သုမနာ' ဆိုတဲ့အမည် ရှိရပါလို၏ ဆုသုံးကြိမ် တောင်းတယ်။

ဝိပဿီဘုရားကလည်းပဲ...
လမ်းမတ်တတ် ဆုကို “ဧဝံဟောတု” ဟု အကျဉ်းချုပ် ဆုပေးတယ်။

သေဌေးသမီးပြန်သွားပြီး ဘုရားအမှူးရှိတဲ့ သံဃာများ စစ်သေနာပတိအိမ်ရောက်လို့ အားလုံး နေသားတကျရှိတဲ့အခါ အိန္ဒိယ ထုံးတမ်းစဉ်လာအတိုင်း ပထမ ယာဂုကပ်၊ ယာဂုကပ်တော့ မြတ်စွာဘုရားက လက်မခံသေးဘူး၊ ခုနက စစ်ဗိုလ်ကို “လမ်းကနေပြီးတော ရေမရောတဲ့ နို့ဃနာဆွမ်း လှူလိုက်တယ်၊ ဒကာ ပါတယ်မဟုတ်လား၊ အဲဒါကပ်စမ်း” ဆိုတော့ အဲဒီတော့မှ စစ်ဗိုလ်က မြတ်လေးပန်းကုံး မဟုတ်ဘဲ ရေမရောတဲ့ နို့ဃနာဆွမ်းဆိုတာ သိတယ်။

မြတ်စွာဘုရားက အဲဒီလိုပြောတော့ စစ်သေနာပတိက-
နိသိန္နော ဘန္တေ ဘိက္ခု သံဃော။
“မြတ်စွာဘုရား၊ ရဟန်းသံဃာအားလုံး နေရာတကျ ဖြစ်ပါပြီ”

သံဃာက အဌသဌိသတ သဟဿ- ဆိုတော့ ရှစ်သန်းနဲ့ခြောက်သိန်းရှိတယ်၊ အဲဒီလို။ အဲဒီလိုများတဲ့ သံဃာတွေမို့လို့ သံဃာတွေအတွက် နေရာမကျသေးဘူးလို့ထင်ပြီးတော့ မြတ်စွာဘုရား လက်မခံတာဘဲ၊ သူကပ်တဲ့ ယာဂုကို လက်မခံတာဘဲ ဆိုပြီးတော့ သူကပြောတယ်။

နိသိန္နော ဘန္တေ ဘိက္ခု သံဃော။
“မြတ်စွာဘုရား၊ ရဟန်းသံဃာအားလုံး နေရာတကျ ရှိပါပြီ”

ဒီတော့ မြတ်စွာဘုရားက “လမ်းတုန်းက အမျိုးသမီးတစ်ယောက် လှူလိုက်တဲ့ နို့ဃနာဆွမ်း ပါတယ်မဟုတ်လား၊ သူက အယင်လှူတာ၊ သူ့ဟာကိုအားလုံး သံဃာတွေကို တစ်ဇွန်းစီထည့်ပေး” အဲဒီလို အမိန့်ရှိမှ စစ်ဗိုလ်လုပ်တဲ့သူကလည်း မြတ်လေးပန်းကုံးမဟုတ်၊ အထဲက ရွှေဖလားကို ဒီမှာမှ ကောင်းကောင်းကြီး ကြည့်ပြီးတော့ စစ်သေနာပတိကို မြတ်လေးပန်းကုံး ယူလာတဲ့ စစ်ဗိုလ်က-

သာမိ မာလာတိ မံ ဝတွာ မာတုဂါမော ဝဉ္စေသိ။ ( အံ၊ ဌ၊ ၃၊ ၁၄။ )

“အရှင်စစ်သေနာပတိ၊ အမျိုးသမီးဟာ တော်တော့်ကို လိမ္မာတဲ့ အမျိုးသမီးပဲ၊ မြတ်လေးပန်းကုံး ဆိုပြီးတော့ ကျွန်တော့်ကို တပတ်ရိုက် ပြောလိုက်တာ ဆွမ်းမှန်းမသိလို့ ယူခဲ့တယ်ပေါ့၊ အထဲက ရေမရောတဲ့ နို့ဃနာဆွမ်း မသိလို့ ယူခဲ့ပါတယ်” သူ့ အပြစ်လွတ်အောင်ပြောတယ်။

မြတ်စွာဘုရားက အဲဒီ ယာဂုကို တစ်ပါး တစ်ဇွန်းကျထည့်၊ ပထမ ထည့်ပေးလိုက် ဆိုလို့၊ တစ်ပါးတစ်ဇွန်းကျ ထည့်ပေးတဲ့အခါ အားလုံး သံဃာ ၈-သန်း ၆-သိန်း အာလုံးနှံ့တယ်။ ဘုရားရဲ့ တန်ခိုးကြောင့်။ အဲဒီက ပြီးတော့မှ စစ်သေနာပတိရဲ့ ယာဂုတို့၊ ခဲဖွယ်တို့၊ ဆွမ်းတို့ အစဉ်အတိုင်း ဆက်ကပ်ပြီးတဲ့အခါ အနုမောဒနာ တရားများ ဟောပြီးတော့ ဝိပဿီဘုရား ကျောင်းတော် ပြန်ကြွတယ်။

စစ်သူကြီးကတော်ဖြစ်...
ဒီတော့မှ စစ်သေနာပတိက အခုနက မြတ်လေးပန်းကုံးယူခဲ့တဲ့ စစ်ဗိုလ်ကို “ အဲဒီ မြတ်လေးပန်းကုံး ဆိုပြီးတော့ ရေမရောတဲ့ နို့ဃနာဆွမ်း လှူဒါန်းတဲ့ အမျိုးသမီးဟာ ဘယ်သူတုံးကွယ့် ရဲဘော်တို့" လို့ မေးတော့-
“အို--အရှင်စစ်သေနာပတိ၊ ဤဗန္ဓုမတီ မင်းနေပြည်က ကွယ်လွန်တဲ့ သေဌေးကြီးရဲ့ သမီးပေါ့၊ ကျွန်တော့်ကိုတောင် မြတ်လေးပန်းအိုး ဆိုပြီးတော့ တစ်ပတ်ရိုက်ထည့်လိုက်တာ ”
အဲဒီမှာ စစ်သေနာပတိက “ ရဲဘော် -တဲ့၊ ဒီလို အသိညာဏ်ပညာရှိတဲ့ အမျိုးသမီး အိမ်ထောင်ဦးစီး ဖြစ်ရလို့ရှိယင် ဒီအိမ်ထောင်ဦးစီး အမျိုးသားဟာ အပါယ်ဘေးလွတ်ပြီးတော့ နတ်ပြည်၊ လူ့ပြည် သုဂတိဘဝ သံသရာ ရောက်ဖို့ သေ ချာတယ်ကွယ့် ”
အဲဒီလို ပြောပြီးတော့ ဒီသေဌေးသမီးကို မိခင်သေဌေးကတော်ကြီးထံ ကျေကျေနပ်နပ်တောင်းပြီးတော့ စစ်သေနာပတိကတော် အဖြစ်နဲ့ ထိမ်းမြားတယ်။
ထို သေဌေးသမီးသည် စစ်သေနာပတိအိမ်က ရှိတဲ့စီးပွားဥစ္စာ၊ မိဘအိမ်က စီးပွားဥစ္စာ၊ နှစ်အိမ်က စီးပွားဥစ္စာကို မလစ်ဟင်းအောင် ထိန်းသိမ်းစောင့်ရှောက်၊ တစ်သက်လုံး ဒါန၊ သီလ ကောင်းမှုများ ပြုပြီးတော့ ထိုဘဝက စုတေ၊ နတ်ပြည်ရောက်၊ ရောက်တယ်ဆိုလို့ရှိယင် သူနေရတဲ့ ဗိမာန်မှာကောင်းကင်က မြတ်လေးပန်းတွေ မိုးရွာချသလို ဖြိုးဖြိုးဖြုန်းဖြုန်းကျ၊ အားလုံး နတ်ပြည်က။

အယံ အတ္တနာဝ အတ္တနော နာမံ ဂဟေတွာ အာဂတာ။
“ ဤနတ်သမီးဟာ သူ့နာမည်ကို မှည့်ပြီးလာတဲ့နတ်သမီးကိုး”
အဲဒီလိုပြောပြီး သူ့ကို သုမနာ နတ်သမီးလို့ ဒီလိုပဲ ခေါ်ကြတယ်။

ကောသလ မင်းကြီး သမီးဖြစ်...
နတ်သက်ကြွေ၊ လူ့ပြည်ရောက်လို့ သေဌေးသမီး ဖြစ်တဲ့ဘဝ မင်းသမီးလေးဖြစ်တဲ့ ဘဝမှာလည်းပဲ ထို့အတူပဲ။ သူရယ်လို့ မီးရှူးသန့်စင် ဖွားမြင်လိုက်တယ်ဆိုယင်ပဲ မြတ်လေးပန်းတွေ ကောင်းကင်ကနေပြီး မိုးရွာချသလို ဖြိုးဖြိုးဖြုန်းဖြုန်း တအံ့တဩပဲ အဲဒီလို မီးရှူးသန့်စင် ဖွားမြင်တယ်။ အားလုံးက ဖခင်ဖြစ်တဲ့ မင်း၊ ဖခင်ဖြစ်တဲ့ သေဌေးဟာ ငါ့သမီးဟာ အဓိကရ သူ့နာမည် သူမှည့်ပြီးတော့ လာတဲ့သမီးပဲ ဆိုပြီး သုမနာ သေဌေးသမီး၊ သုမနာ မင်းသမီး ဒီလိုပဲ နာမည်သုံးတာ။ ၉၁-ကမ္ဘာ အပါယ်လေးပါး မလားရောက်ဘဲ ဤဘုရား သာသနာကျတော့ ပေဿနဒီ ကောသလမင်းကြီးရဲ့ နန်းတော်မှာ လာပြီးတော့ မီးရှူးသန့်စင်ဖွားမြင်တယ်။


အဲဒီ သူငယ်မလေး ဖွားမြင်လိုက်တယ် ဆိုယင်ပဲ ကောသလမင်းကြီးရဲ့ နန်းတော်မှာ မြတ်လေးပန်းတွေ ကောင်းကင်က မိုးရွာချသလို ဖြိုးဖြိုးဖြုန်းဖြုန်း ကျလာလို့ သူ့ကို ကောသလမင်းကြီးက-
“ငါ့သမီး သူ့နာမည် သူမှည့်ပြီးလာတာ၊ ‘သုမနာ' လို့ အမည်တွင်စေ။ ငါ့သမီးသည် အဓိကရ သမီးဖြစ်တယ်။ တစ်ယောက်တည်း နေမှာမဟုတ်ဘူး၊ သူ့ရဲ့အဖော် ဖွားဘက်တော်များလည်းပဲ ပါလိမ့်မယ် ” ဆိုပြီးတော့-
“ဒီကနေ့ မီးရှူးသန့်စင် ဖွားမြင်တဲ့ သတို့သမီး ဘယ်လောက်ရှိတုံးဆိုတော့ အဲဒီမြို့တော်အတွင်းမှာပဲ ဒီကနေ့ မီးရှူးသန့်စင် ဖွားမြင်တဲ့ သတို့သမီးပေါင်း ငါးရာ။ ရှင်ဘုရင် ကောသလမင်းကြီးက ဒီသတို့သမီးငါးရာကို တော်ကောက်ပြီးတော့ အေး-ကိတ္တိမ မင်းသမီးများအနေနဲ့ မင်းသမီးရဲ့ အဆောင်အယောင်ဖြင့် အထိန်းတော်များ ပေးအပ်ပြီးတော့ တစ်လတစ်ကြိမ်၊ တစ်လတစ်ကြိမ် ငါ့သမီးလေး သုမနာနဲ့ ဒီသမီးတွေ ကိတ္တိမသမီးတွေ တွေ့ပေးရမယ်။ အဲဒီလို ဆိုပြီးတော့ တစ်ယောက်တစ်ယောက်ကို အထိန်းတော် တစ်ယောက်ကျစီပေးပြီး မင်းသမီးရဲ့ အဆောင်အယောင်ဖြင့် ကြီးပွားစေခဲ့တယ်။

ရထားအစီးငါးရာရ အမျိုးသမီးသုံးယောက်...
အသက် ခုနစ်နှစ်၊ ရှစ်နှစ် ဂေါရီအရွယ် ရောက်တဲ့အခါကျတော့ ငါ့သမီးတို့ အရွယ်ရောက်လာပြီ၊ ဒီလို သူတို့ကို အဆောင်အယောင် အခမ်းအနား ပေးသောအားဖြင့် ရထားအစီးငါးရာ သုမနာမင်းသမီးရယ်လို့ ခရီးထွက်ယင် ရထားအစီးငါးရာ၊ ဒီအပေါ် နောက်ကမင်းသမီးငါးရာ ပါတယ်။ အေး အဲဒီလိုနဲ့ခရီးထွက်၊ ဘုရားလက်ထက်တုန်းက အမျိုးသမီး နယ်ပယ်မှာ အခုလို အဆောင်အယောင် ရထား အစီးငါးရာရတဲ့ အမျိုးသမီးဟာ သုံးယောက်ရှိတယ်။ တစ်ယောက်က ဗိမ္ဗိသာရမင်းရဲ့သမီး စုန္ဒီမင်းသမီး၊ တစ်ယောက်က အခု ကောသလမင်းကြီးရဲ့ သမီး သုမနာမင်းသမီး၊ ဟိုတစ်ယောက်က မေဏ္ဍကသေဌေးရဲ့ မြေး ဓနဉ္စယသေဌေးရဲ့ သမီး၊ နောင်တစ်ချိန်မှာ ပုပ္ဖာရုံကျောင်းအမလို့ ထင်ရှားတဲ့ ဝိသာခါ။ အဲဒီတုန်းက ဘုရားလက်ထက်တုန်းက ဒီရထား အစီးငါးရာ အဆောင်အယောင်ပါတဲ့ အမျိုးသမီးဟာ သုံးဦးရှိတယ်။

ကောသလမင်းကြီးရဲ့ သမီးတော် ယခုပြောတဲ့ သုမနာ၊ ပြီးတော့ ဗိမ္ဗိသာရမင်းကြီးရဲ့ သမီးတော်စုန္ဒီ၊ ဓနဉ္စယ သေဌေးရဲ့ သမီး ဝိသာခါတို့ သုံးယောက်ပဲ ဒီလိုကြီးပြင်းလာကြတာ။ အဲဒီလို အဆောင်အယောင် ရတာ သုံးယောက်ပဲ။ ဒီလိုနေရာက သူတို့ ၉-နှစ်၊ ၁၀-နှစ် သမီး ရောက်တဲ့အခါ အနာထပိဏ်သေဌေးရဲ့ ဇေတဝန် ကျောင်းတော်ကို ဘုရားအမှူးရှိသော သံဃာအား လှူဖို့ရန် မြတ်စွာဘုရားကို ဟို.. ရာဇဂြိုဟ်က ပင့်ခဲ့ပြီးတော့ လမ်းမှာ တစ်ယူဇနာ တစ်ယူဇနာမှာ ခေတ္တ စံကျောင်းဆောင်တွေ ဆောက်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာဟာ ထို စံကျောင်းဆောင်တွေမှာ တည်းခိုပြီးတော့ ဇေတဝန်ကျောင်း အလှူခံဖို့ ကြွလာ။

နေ့စဉ် နေ့စဉ် မြင်းစေကျော်တွေနဲ့ သတင်းပို့ ၊ ဘယ်ရောက်ပြီ၊ ဘုရားအမှူးရှိတဲ့ သံဃာ ဘယ်ရောက်ပြီ။ အဲဒီလိုပို့လို့ နက်ဖြန် ဘုရားအမှူးရှိတဲ့ သံဃာ သာဝတ္ထိပြည် ရောက်တော့မယ်ဆိုတော့ အနာထပိဏ်သေဌေးက ပေဿနဒီ ကောသလမင်းကြီးထံ သွား၊ သမီးတော် သုမနာမင်းသမီးကို အဆောင်အယောင် မင်းသမီးငါးရာနဲ့ ဘုရားပင့်ဖို့ရာ အတွက် ခွင့်ပေးပါဆိုတော့ ကောသလမင်းကြီးကလည်း “သေဌေးကြိုက်သလိုပဲ စီမံပါ” ကျေကျေနပ်နပ်ပဲ ခွင့်ပေး။ အဲဒီမှာ သုမနာမင်းသမီး အမှူးပြုတဲ့ မင်းသမီး ငါးရာ၊ ပြီးတော့ သာဝတ္ထိပြည်တွင်းက သေဌေးသမီးငါးရာ၊ ပြီးတော့ သေဌေးကတော်ငါးရာ၊ အခြံအရံဖြစ်တဲ့ သေဌေးငါးရာ၊ အားလုံး ပရိသတ်နှစ်ထောင်နဲ့ သာဝတ္ထိပြည် နယ်စပ်က ဘုရားအမှူးရှိတဲ့ သံဃာ ကြွအလာကို သွားစောင့်။

နေ့အချိန်လောက်ရောက်တော့ သာဝတ္ထိပြည်နယ်စပ်ရောက်ပြီ။ လမ်းမတ်တတ် မြတ်စွာဘုရား ရောက်တယ်ဆိုယင် ဝတ်ပြုကြတော့ မတ်တတ်တရားဟောလို့ ထိုနှစ်ထောင်သော ပုဂ္ဂိုလ်များဟာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါက်ပြီးတော့ သောတာပန် အရိယာအဖြစ် ရောက်ကုန်ကြတယ်။ မြတ်စွာဘုရားသည် သားတော် သမီးတော် အရိယာနှစ်ထောင် ခြံရံပြီးတော့ ရဟန်းတော်ပေါင်း နှစ်သောင်းနဲ့ သာဝတ္ထိကိုရောက်တော့ ဇေတဝန်ကျောင်းကို အလှူခံတယ်။ ထိုအချိန်က စပြီးတော့ သုမနာ မင်းသမီးဟာ သောတာပန်အရိယာဖြစ်ပြီးတော့ မြတ်စွာဘုရားဟာ သူ့ရဲ့ဓမ္မခမည်းတော်၊ ကောသလမင်းကြီးသည် လောက ဖခမည်းတော်၊ သည်အနေနဲ့ ကျောင်းတော် မပြတ် မပြတ် သွားတယ်။

ဒါနပြုတဲ့ရဟန်းနှင့် မပြုတဲ့ရဟန်း...
အဲဒီလို နေရင်းထိုင်ရင်းနဲ့ တစ်နေ့ အကြောင်းထူးတစ်ခု ဖြစ်လာတယ်။ ဘယ်လိုလဲဆိုတော့ သူကလည်းပဲ အတိတ်က အကြောင်းနဲ့ လာခဲ့တယ်။ ကဿပမြတ်စွာဘုရားသာသနာမှာ သူငယ်ချင်းရဟန်းနှစ်ပါး ရှိကြတယ်။ တစ်ပါးက သာရဏီယဒါနဝတ် ဖြည့်ကျင့်တယ်။ တစ်ပါးက ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်တယ်။

သာရဏီယဒါနဝတ် ဆိုတာဟာ အရုဏ်တက်တယ်ဆိုယင် မြို့ထဲ ရွာထဲ တစ်ပါးတည်းဆွမ်းခံ၊ အဲဒီ သပိတ်ထဲမှာ ဆွမ်းပြည့်ပြည့်စုံစုံ ရတယ်ဆိုယင်၊ ကျောင်းပြန်၊ သံဃာ့ထေရ်ကြီးက စပြီးတော့ ဆွမ်းအလှူခံပါ ဘုရား၊ အဲဒီလို မိမိရတဲ့ ဆွမ်းကို အဲဒီလို သီတင်းသုံးဖော်တို့အား လှူပြီးတော့ ဒီ ဝိနည်းသဘောက၊ သာသနာသဘောက ရဟန်းတော်အဖြစ်နဲ့ အဲဒီဆွမ်းကို ပင်ပန်းကြီးစွာခံပြီးတော့ လှူတဲ့ပုဂ္ဂိုလ်ဟာ သာရဏီယဒါနဝတ် ဖြည့်ကျင့်တဲ့ပုဂ္ဂိုလ်၊ အားလုံးသိရတယ်။

သာရဏီယဒါနဝတ် ဖြည့်ကျင့်တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိယင် သူက လှူသော်လည်းပဲ အကုန်လုံး အလှူမခံရဘူး၊ နှစ်လုတ် သုံးလုတ်စာလောက် အလှူခံပြီးပြီးဆိုယင်ပဲ အောက်ကိုဆက်ပြီးတော့ လှူပါတော့လို့ အဲဒီ နှစ်လုပ် သုံးလုပ်ပဲ အလှူခံရတယ်။ အဲဒီလို တစ်ပါး တစ်ပါး ဆွမ်းနှစ်လုတ် သုံးလုတ်စာ လှူလိုက် လောင်းလိုက်လို့ သပိတ်ထဲပါတဲ့ ဆွမ်းဟာ ကုန်သွားယင် အချိန်ရှိသေးယင် မြို့ထဲပြန်ပြီး ဆွမ်းခံ၊ အချိန်မရှိတော့ဘူးဆိုယင် မိမိလည်း မစားဘဲနဲ့ တစ်နေ့လုံး ဒီဆွမ်းကို ငါသာရဏီယ ဒါနဝတ် ဖြည့်ရပြီလို့ ပီတိသောမနဿကို အစားသဖွယ် သဘောထားပြီးတော့ ရဟန်းတရားများကို ပွားများ၊ ကြိုးကုတ် အားထုတ်။ အဲဒီပုဂ္ဂိုလ်ကို သာရဏီယဒါနဝတ် ဖြည့်တဲ့ ပုဂ္ဂိုလ်ရယ်လို့ သာသနာက အသိအမှတ်ပြုရတယ်။

ထိုကိုယ်တော်ရဲ့ သူငယ်ချင်း ရင်းနှီးတဲ့ ကိုယ်တော်ကတော့လည်းပဲ သူကို ဘတ္တဂ္ဂဝတ် ဖြည့်တဲ့ကိုယ်တော်လို့ခေါ်တယ်။ ဘတ္တဂ္ဂဝတ်ဆိုတာ ဆွမ်းစားကျောင်း၌ ဆွမ်းအလှူခံယင် မိမိသပိတ်ထဲမှာ မျှရုံပဲ အလှူခံရတယ်။ မျှရုံအလှူခံပြီး မိမိထေရ်စဉ်အလျောက် ရောက်တဲ့နေရာမှာ သွားစားရတယ်။ ထို့အတူပဲ အဲဒီပုဂ္ဂိုလ်က ဒီဆွမ်းစားကျောင်း ဆွမ်းအလှူမရှိယင်လည်း မြို့ထဲသွား ဆွမ်းခံ၊ ရွာထဲသွား ဆွမ်းခံ၊ မိမိမျှတရုံရရင် ကျောင်းပြန်၊ မိမိမျှတရုံ ဆွမ်းကိုစားပြီး သပိတ်ဆေးကျောပြီးတော့ ရဟန်းတရားနဲ့ နေတယ်။

အဲဒီလိုနေတဲ့ သူငယ်ချင်းနှစ်ပါး ဒါနကောင်းမှုပြုတဲ့ သူငယ်ချင်းက ဒီလို ဘတ္တဂ္ဂဝတ် ခေါ်တဲ့ ဆွမ်းစားကျောင်းမှာကျင့်တဲ့ ဝတ်အကျင့်မျိုးကို ကျင့်တဲ့ သူငယ်ချင်း သူ့ကိုပြောတယ်။

“ကိုယ်တော်……ကိုယ်တော်တို့၊ တပည့်တော်တို့ ဒီဘဝ အရဟတ္တဖိုလ်ပေါက်လို့ သံသရာဝဋ်က ကျွတ်လွတ်ယင် တော်၏၊ အရဟတ္တဖိုလ်ပေါက် မရောက်သေးယင် ဘဝသံသရာခရီး သွားရလိမ့်မယ်၊
ဘဝခရီးသွားယင် ဒါန ကောင်းမှုကုသိုလ် မပါယင် ရိက္ခာမပါဘဲနဲ့ ခရီးသွားခဲ့ယင် ဒုက္ခရောက်သလို ဒါနကောင်းမှုကုသိုလ်မပါဘဲ သံသရာခရီးသွားယင် ဒုက္ခရောက်တတ်တယ်။ အဲဒီတော့ ကိုယ်အကြောင်း ညီညွတ်သလောက် လှူပေါ့ သာရဏီယ ဒါနဝတ်သမားက သူက လှူခဲ့ပြီးတော့ သူငယ်ချင်းကိုလည်းပဲ လှူစေချင်တယ်။

သူ့ သူငယ်ချင်း ဘတ္တဂ္ဂဝတ်သမားကလည်းပဲ လှူဖို့ ပေးဖို့ ကမ်းဖို့စိတ်ကို မရှိဘူး။ အဲဒီတော့ ဘာပြောလဲ။
“သူငယ်ချင်းတဲ့၊ သာရဏီယ ဒါနဝတ် ဖြည့်တယ် ဖြည့်တယ် ဆိုပြီးတော့ ဒကာ ဒကာမများ သဒ္ဓါသဖြင့် လှူဒါန်းတဲ့ သဒ္ဓါဒေယျဆွမ်းများကို ဖရိုဖရဲကြဲအောင် ပြုလုပ်တာမျိုး ဖြစ်ပြီးတော့ သဒ္ဓါဒေယျဝိနိပါတ ဒုက္ကဋ်အာပတ်များ သင့်နေပါဦးမယ် ကိုယ်တော်၊ တပည့်တော်မလှူချင်ဘူး။
အမှန်တော့ သဒ္ဓါဒေယျဝိနိပါတ ဒုက္ကဋ်အာပတ် ဆိုတာ ဒကာ ဒကာမတို့က လှူတဲ့ဆွမ်းကို သဒ္ဓါဒေယျဆွမ်း၊ အဲဒီ သဒ္ဓါဒေယျကို ရဟန်း ယောက်ျား၊ ရဟန်းမိန်းမ၊ သာမဏေယောက်ျား၊ သာမဏေမိန်းမ၊ သိက္ခမာန်=သတင်းသုံးဖော် ငါးဦး၊ အမိရယ်၊ အဖရယ်၊ ပြီးတော့ သူတစ်ပါးအထံမှာ မှီခိုကပ်ရပ်နေရတဲ့ ဆင်းရဲသားရယ်၊ အဲဒီရှစ်မျိုးကို လှူနိုင်တယ်၊ ပေးနိုင်တယ်။ ဒကာ ဒကာမလှူတဲ့ဆွမ်း၊ အဲဒီရှစ်မျိုးကလွဲခဲ့ယင် ပေးမယ့်ပုဂ္ဂိုလ်ကို လောကွတ်ချော်ပြီးတော့ ထမင်းစားပါဆိုလို့ အဲဒီလိုပြောယင် သဒ္ဓါဒေယျ ဝိနိပါတဒုက္ကဋ်အာပတ် သင့်တယ်လို့ ဝိနည်းက ရှိတယ်။
အခု ကိုယ်တော်က မလှူချင်တဲ့ ကိုယ်တော်ဆိုတော့ ဝါးလုံးသိမ်းရိုက်ပြီး ကိုယ်တော်၊ သာရဏီယဒါနဝတ်ပြုတယ် ပြုတယ်နဲ့ ဒကာ ဒကာမတွေ သဒ္ဓါသဖြင့် လှူအပ်တဲ့ သဒ္ဓါဒေယျဆွမ်းကို ဖရိုဖရဲကြဲအောင် ပြုလုပ်တဲ့ အတွက် သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ် အာပတ်များ သင့်နေဦးမယ်ကိုယ်တော်၊ တပည့်တော် မလှူချင်ဘူး သူကလည်း မလှူချင်တော့ပြော၊ အဲဒီပြောတော့ တစ်ယောက်တစ်ယောက် ပြောလို့မရတော့ သာရဏီယဒါနဝတ်သမားက-

“ မလှူချင်လည်းပဲ နေပေါ့ ကိုယ်တော်၊ တစ်ပါးတစ်ပါး မေတ္တာမပျက်ကြစတမ်း” ဆိုပြီးတော့ အတူတကွ တစ်သက်လုံးနေ၊ ထိုဘဝနဲ့ စုတေလို့ နတ်ပြည် သွားဖြစ်၊ သူတို့ကို သမဏနတ်သားလို့ ခေါ်တယ်။

မင်းသားနှင့် အထိန်းတော်သား...
ကဿပမြတ်စွာဘုရား သာသနာက နေပြီးတော့ ယခုဂေါတမဗုဒ္ဓ ပွင့်ထွန်းတော်မူလာတဲ့ အချိန်ကျအောင် အန္တရကပ် တစ်ကပ်သာသာ အဲဒီမှာ သူတို့နှစ်ယောက် တစ်ယောက်က ပေဿနဒီကောသလမင်းကြီးရဲ့ နန်းတော်မှာ မင်းသားလေး လာဖြစ်၊ သာရဏီယဒါနဝတ် ဖြည့်ကျင့်တဲ့ ရဟန်းက မင်းသား၊ ကောသလမင်းကြီးရဲ့ သားတော်လေး လာဖြစ်ရတယ်။ တစ်ခါ ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်တဲ့ သမဏနတ်သားက နန်းတော်မှာပဲ အထိန်းတော်တစ်ယောက်ရဲ့သား လာဖြစ်၊ တစ်နေ့တည်း မီးရှူးသန့်စင် ဖွားမြင်တဲ့ သူတို့နှစ်ယောက် ပါရမီ ဖြည့်ကျင့်ဘက် နေလိမ့်မယ်ဆိုပြီးတော့ နှစ်ယောက်စလုံးကိုပဲ ကင်ပွန်းတပ်တဲ့ မင်္ဂလာပွဲ ပေါင်းပြီးတော့ လုပ်မယ်ဆိုပြီး ကောသလမင်းကြီးရဲ့ နန်းတော်မှာ နက်ဖြန်ခါ ဒီကလေးနှစ်ယောက်ကို ကင်ပွန်းတပ်မယ် ဆိုပြီးတော့ မောင်းမမိဿံတွေ ကလေးနှစ်ယောက် အခန်းထဲမှာထားပြီး၊ ပြင်ဘက်ထွက်ပြီးတော့ ဝေယျာဝစ္စများ ပြုလုပ်နေတဲ့အချိန် မင်းသားလေးကနေ ပလ္လင်ပေါ် အောက်က ပိုးဖဲကတ္တီပါများခင်းလို့ အပေါ်က ထီးဖြူအုပ်လျက်၊ အဲဒီအထက်က မျက်နှာကြက်မှာ အဲဒီဥစ္စာတွေ ခုနစ်ရက်သားလေး ခေါင်းလေး လှုပ်တုပ် လှုပ်တုပ်နဲ့ မျက်စိ မှိတ်တုတ် ဟိုကြည့်ဒီကြည့်နဲ့ကြည့်ရင်းက အပေါ်က ထီးဖြူတော်နဲ့ မျက်နှာကြက်ကိုမြင်ရတော့-

“ဪ…..ငါ နန်းတော်တစ်ခုမှာ လာပြီးတော့မင်းသား လာဖြစ်တာပဲ ”

အောက်ကို လှမ်းကြည့်လိုက်တော့ ပိုးဖဲကတ္တီပါ ဒီအောက်က ပလ္လင်တော်နဲ့ ယခုလို လူလာဖြစ်အောင်၊ ဘယ်ကောင်းမှုက ကျေးဇူးပြုတာလဲ ဒီကလေးက စဉ်းစားတယ်။

ဇာတိဿရဥာဏ် ရပြီးတော့ ကဿပမြတ်စွာ သာသနာခေတ်တုန်းက သာရဏီယဒါနဝတ် ဖြည့်ကျင့်ခဲ့လို့ ယခုလို မင်းမျိုး လူလာဖြစ်တာသိ၊ ဒါ အသိဉာဏ်မဟုတ်ဘူး၊ ဇာတိဿရဉာဏ်နဲ့ သိတယ်။

အဲဒီတုန်းက ငါပြောတယ်၊ ဒါနကောင်းမှု ပြုပါ သဒ္ဓါဒေယျဝိနိပါက ဒုက္ကဋ်အာပတ်နဲ့ ဆင်ခြေပေးပြီးတော့ မလှူမတန်းခဲ့တဲ့ ငါ့သူငယ်ချင်း ဘယ်နေပါလိမ့်။

အဲဒီလို စဉ်းစားလိုက်တော့ သူ့ဘေးနားမှာ ရှေးကလည်း ဒါနမပါတဲ့ သမဏနတ်သားဘဝက လာတဲ့ကလေးက အထိန်းတော်ရဲ့သားကလေး ဖြစ်ပြီး ကွပ်ပျစ်ခုံ ကွပ်ပျစ်ပေါ် အဝတ်ကြမ်းလေး ခင်းပြီးတော့ သူ့ကိုသိပ်ထားတာ တွေ့တယ်။

အဲဒီမှာတင် မင်းသားကလေးက ဘာပြောလဲ...

အမ္မ တွံ မမ ဝစနံ မာကာသိ။

“ မိတ်ဆွေ၊ မင်းက ငါ့စကားမှ နားမှမထောင်ဘဲကိုး “ လို့ ပြောတယ်။

အဲဒီတော့ အောက်က သူကလည်းပဲ ဇာတိဿရဉာဏ်နဲ့ အို- သူက လွန်ခဲ့တဲ့ဘဝ ကဿပမြတ်စွာဘုရား သာသနာမှာ သူက ဘတ္တဂ္ဂဝတ်သမားဖြစ် ဒီမင်းသားလေးက အဲဒီတုန်းက သာရဏီယ ဒါနဝတ်သမားဖြစ်ခဲ့တာ။ သူကလည်းပဲ ဇာတိဿရဉာဏ်နဲ့ ရပြီးတော့သိတယ်။ “ မင်း ငါပြောတဲ့အတိုင်း မလုပ်ဘဲကိုး “ လို့ဆိုလိုက်တော့ အောက်က လူကနေပြီး မလျှော့ဘူး။ အစအဆုံး အထက်အောက်-

“မင်းစကား နားမထောင်လို့ ဘာဖြစ်လဲ" တဲ့ မာမာပဲ။မင်းသားလေးက ပြောတယ်။

“မင်းကွာ၊ အခုလည်း မာမာဆိုတော့ ကဿပမြတ်စွာဘုရား သာသနာမှာ အတူတကွ ရဟန်း ဖြစ်တုန်းက ငါ မင်းကိုပြောတော့ သဒ္ဓါဒေယျ ဝိနိပါတ ပြောပြီးတော့ မင်းရှောင်ခဲ့တယ်။ ငါ ဒါနပြုဖို့ တိုက်တွန်းတုန်းက။ အဲဒီတော့ မင်း အခုကျတော့ ငါ့လို ဒါနမပါတဲ့အတွက် လူဖြစ်တာတောင် အထိန်းတော်ရဲ့သားလေး ဖြစ်နေ၊ ယခုလို ဆင်းဆင်းရဲရဲ ဖြစ်ရတာပေါ့။ ငါ့မယ် ဒါန ကောင်းမှုကြောင့် ဟော ပလ္လင်ပေါ်မှာ ပိုးဖဲကတ္တီပါတွေခင်း၊ အပေါ်ကဖုံမကျအောင် ထီးဖြူအုပ်၊ မျက်နှာကြက်မိုး၊ မင်း ငါ ပြောတုန်းက ဒါနကောင်းမှု မပြုခဲ့တဲ့ မင်း အထိန်းတော်သားလေးဖြစ်ပြီးတော့ နေ ရတယ်။ မင်း ဒါတောင် မလျှော့သေးဘူး ဆိုတော့ အထိန်းတော်သားလေးက မလျှော့ဘူး။ ထပ်ပြီးတော့-

“သူငယ်ချင်း၊ မင်းက မင်းသားဖြစ်ပကောလို့ စိတ်ထဲမှာ မင်းက စိတ်ကြီး မဝင်သင့်ပါဘူး" တဲ့။

အဘိဓမ္မာသဘော ပြောယင် မင်းရဲ့ ပလ္လင်ကော ငါ့ရဲ့ကွပ်ပျစ်ကော၊ မင်းရဲ့ပလ္လင်ပေါ်မှာခင်းတဲ့ ပိုးဖဲကတ္တီပါကော၊ ငါ့ကွပ်ပျစ်ပေါ်မှာခင်းတဲ့ အဝတ်ရောဟာ အဘိဓမ္မာသဘောနဲ့ ပြောယင် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ဝဏ္ဍ၊ ဂန္ဓ၊ ရသ၊ ဩဇာ=အဝိနိဗ္ဘောဂ ရုပ်ရှစ်ပါးပါပဲ…..တဲ့။ လောကဝေါဟာရမှာက ပလ္လင်တဲ့၊ ကွပ်ပျစ်တဲ့၊ အရေအဆင်း အနိမ့်အမြင့် ဖြစ်ကြတယ်။ ပရမတ္ထ မျက်စိနဲ့ကြည့်ယင် ဘာမှ မခဲယဉ်းဘူး၊ မင့် ပလ္လင်ရော ငါ့ကွပ်ပျစ်ရော၊ မင်းရဲ့ပိုးဖဲကတ္တီပါရော၊ ငါ့ရဲ့စောင်ကြမ်းကလေးရော အတူတူပါပဲကွယ်…. တဲ့။ အဌကလာပ်ရုပ် ဒါပါပဲ၊ အဲဒီလိုပြောတယ်။

နတ်ဖြစ်လည်းထူး...
ဒီကလေးနှစ်ယောက် စကားသံစကတည်းက ဟိုဘက်အခန်းထဲက သုမနာ မင်းသမီးလေးက-
“ ဟဲ့... ဟိုဘက်က ငါ့မောင်လေးတွေ စကားပြောတယ်၊ ဘယ်သူမှ အထဲမှာမရှိဘူး၊ ဝေယျာဝစ္စလုပ်နေကြတဲ့အချိန်"

အဲဒါနဲ့ သုမနာ မင်းသမီးလေးက သူတို့နှစ်ယောက်ပြောတဲ့ တံခါးပေါက်လာပြီး အသံမပေးဘဲ သူတို့ပြောတာကို နားထောင်တယ်။ “ဪ….သူတို့ သမဏ နတ်သားဘဝက လာကြတာပဲကိုး “သူတို့စကား သိပြီး အကြောင်းအကျိုး မြတ်စွာဘုရား သွားလျှောက်ဆိုပြီးတော့ သူမနာ မင်းသမီး ရထားအစီးငါးရာနဲ့ သာဝတ္ထိပြည်ကထွက်ပြီး ဇေတဝန်ကျောင်းတော်သွား၊ ရထားနဲ့ သွားနိုင်သလောက် သွားပြီး ရထားက ဆင်း မင်းသမီး ငါးရာနဲ့၊ အေး-ဓမ္မသာလာ ဓမ္မာရုံ အတွင်းမှာရှိတဲ့ ဘုရားဆီသွား၊ ရိုသေမြတ်နိုး လက်အုပ်မိုး ရှိခိုး၍အပြစ်ခြောက်ပါး လွတ်ရာ အရပ်၌ ထိုင်နေပြီးတော့ လျှောက်တယ်။

ဣဓဿု ဘန္တေ ဘဂဝတော ဒွေ သာဝကာ သမသဒ္ဓါ သမသီလာ သမပညာ။
(အံ၊ ၂ ။ ၂၇)
“မြတ်စွာဘုရား…..တဲ့၊ ဤ လောကမှာ သဒ္ဓါတရားလည်း တူတယ်၊ အကျင့်သီလ အသိဉာဏ်ပညာလည်းတူတယ် ဆိုတဲ့ မြတ်စွာဘုရားရဲ့ တပည့်သားနှစ်ယောက် ရှိတယ်ဆိုပါစို့"

ဧကော ဒါယကော ဧကော အဒါယကော။
“သူတို့နှစ်ယောက်မှာ သူက သဒ္ဓါတရား၊ သူကအသိဉာဏ်ပညာတရားရှိတာချင်း အတူပဲထား၊ ထူးခြားချက်ကတော့- ဧကော ဒါယကော ဧကော အဒါယကော= တစ်ယောက်က ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်၊ တစ်ယောက်က ဒါနကောင်းမှု မပြုခဲ့တဲ့ပုဂ္ဂိုလ် ဆိုကြပါစို့ ဘုရား…”

တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျုံ။
သေလို့ လူ့ဘဝကိုယ်ခန္ဓာ ပျက်ကြွေ၊ နတ်ပြည်မှာ သွားဖြစ်ကြမယ် ဆိုပါစို့။

ဒေဝဘူတာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော၊ သယာ နာနာကရဏံ။
“မြတ်စွာဘုရား၊ အဲဒီလို နတ်ပြည်ရောက်တဲ့ ထိုထိုနှစ်ယောက် ထူးခြားချက်၊ကွဲပြားချက် ရှိမလား။ ဒါနကောင်းမှု ပါခဲ့တဲ့နတ်၊ ဒါနကောင်းမှုကုသိုလ် မပါခဲ့တဲ့ နတ် ထူးခြားချက်ရှိသလား" လို့ မေး။

မြတ်စွာဘုရားကဖြေတယ်...

သိယာ သုမနေ- “ထူးခြားချက်ရှိနိုင်တယ်"

ယော သော သုမနေ ဒါယကော၊ သောအမုံ အဒါယကံ ဒေဝဘူတော သမာနော ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ ဒိဗ္ဗေန အာယုနာ ဒိဗ္ဗေန ဝဏ္ဏေန ဒိဗ္ဗေန သုခေန ဒိဗ္ဗေန ယသေန ဒိဗ္ဗေန အာဓိပတေယျေန။

“အို- ချစ်သမီး သုမနာ၊ ဒီ နတ်ဖြစ်ကြတဲ့အခါမှာလည်းပဲ ဒါနကောင်းမှုကုသိုလ် ပါခဲ့တဲ့နတ်နဲ့ ဒါနကောင်းမှုကုသိုလ် မပါတဲ့ နတ်တို့ရဲ့ ထူးခြားချက်ရှိတယ်။ ဘယ်လိုလဲ။ ဒါန ကောင်းမှုကုသိုလ်ပါတဲ့နတ်က ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ထက် နတ်သက်လည်းပိုပြီးတော့ရှည်တယ်၊ ပြီးတော့ နတ်အဆင်းအားဖြင့်လည်း ပိုပြီး လှပတယ်။ အခြွေအရံ ပရိသတ်အနေလည်းပဲ ဒါန ကောင်းမှုကုသိုလ်ပါတဲ့နတ်သားက ဒါန ကောင်းမှုကုသိုလ် မပါတဲ့ နတ်သားထက်အေး- အခြွေအရံ ပရိသတ် ပေါများပြီးတော့ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ နတ်က သုခဝေဒနာ ချမ်းချမ်းသာသာ ခံစားရတဲ့ နေရာမှာလည်းပဲ ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ထက် သာလွန်မြင့်တယ်၊ တင့်တယ်၊ လွှမ်းမိုးနိုင်တယ်။ တစ်ဖန် ဒါန ကောင်းမှုကုသိုလ်ပါတဲ့နတ်က ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ထက် နတ်တို့ရဲ့ ရာထူးဂုဏ်သိန် မြင့်မားတယ်။ ချစ်သမီး သုမနာ၊ အခုပြောခဲ့တဲ့အတိုင်း ဒါန ကောင်းမှုကုသိုလ် ပါတဲ့နတ်က ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ကို ငါးဌာတို့ဖြင့် သာလွန်ပြီးတော့ တင့်တယ်၊ လွှမ်းမိုးနိုင်တယ် ချစ်သမီး……။

လူဖြစ်လည်း ထူး...
သုမနာ မင်းသမီးက-
သစေ ပန တေ ဘန္တေတတော စုတာ ဣတ္ထတ္တံ အာဂစ္ဆန္တိ၊ မနုဿဘူတာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော သိယာ နာနာကရဏံ။
( အံ၊ ၂ ၊ ၂၇။)

“မြတ်စွာဘုရား-တဲ့၊ သူတို့နှစ်ယောက်နတ်သက်ကြွေ လူ့ပြည်မှာ လာဖြစ်ကြတဲ့ အခါမှာလည်းပဲ ဒါနကောင်းမှုကုသိုလ်ပါတဲ့လူနဲ့ ဒါန ကောင်းမှုကုသိုလ် မပါတဲ့လူ ထူးခြားချက် ရှိသလား။
မြတ်စွာဘုရားက- သိယာ သုမနာ- “ရှိတယ် ချစ်သမီး သုမနာ"

ဒါနကောင်းမှုကုသိုလ်ပါတဲ့လူက ဒါန ကောင်းမှုကုသိုလ် မပါတဲ့လူထက် လူ့ ဘဝ အသက်ရှည်ပြီးတော့ သာလွန်မြင့်တယ်၊ လွှမ်းမိုးနိုင်တယ်။ စည်းစိမ်မှာလည်း ပိုပြီးမြင့်မားတယ်။ ဒါနကောင်းမှုကုသိုလ်ပါတဲ့လူက ဒါန ကောင်းမှုကုသိုလ် မပါတဲ့လူထက် ရာထူးဂုဏ်သိန် မြင့်မားတယ်။ ဤနည်းအားဖြင့် ငါးဌာန သာလွန်မြင့်တယ်၊ ဒါန ကောင်းမှုကုသိုလ် ပါတဲ့လူက တင့်တယ်။

ရဟန်းဖြစ်လည်းထူး...
ဒီတော့ သုမနာမင်းသမီးက ဆက်လျှောက်တယ်။

သစေ ပန တေ ဘန္တေ ဥဘော အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇန္တိ၊ ပဗ္ဗဇိတာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော သိယာ နာနာကရဏံ။
(အံ၊ ၂ ၊ ၂၇။ )

“မြတ်စွာဘုရား၊ သူတို့နှစ်ယောက် သာသနာ့ဝန်ထမ်း ရဟန်းပြုကြတဲ့အခါမှာလဲ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းနဲ့ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ရဟန်း ထူးခြားချက် ရှိပါသလား။

မြတ်စွာဘုရားက...

သိယာ သုမနေ။ “ရှိတယ် ချစ်သမီး သုမနာ"

ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းက ဒါနကောင်းမှုကုသိုလ်မပါတဲ့ ရဟန်းကို ငါးဌာန တိုဖြင့်သာလွန်မြင့်တယ်၊ တင့်တယ် လွှမ်းမိုးနိုင်တယ်။ ဒါန ကုသိုလ်ပါတဲ့ ရဟန်းကျတော့ ဒကာ ဒကာမတွေက သင်္ကန်းလှူဦးတော့၊ “တပည့်တော်တို့ ချီးမြှောက်သဖြင့် တပည့်တော်တို့ သင်္ကန်းဝက်ရုံ သုံးဆောင်တော်မူပါ ဘုရား။"

အဲဒီလို တောင်းပန်ခံရပြီးမှ ဒကာ ဒကာမလှူတဲ့ သင်္ကန်းကို ဝတ်ရတယ်။ ဆွမ်းလှူတဲ့ အခါလည်းပဲ ဒီအတိုင်းပဲ။

“တပည့်တော်တို့ ချီးမြှောက်သဖြင့် တပည့်တော်တို့ လှူတဲ့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပါဘုရား"လို့ အဲဒီလို အများအားဖြင့် အတောင်းပန် ခံရပြီးမှ ဒကာ ဒကာမ လှူတဲ့ဆွမ်းကို စားရတယ်။ ဆေးပစ္စည်းလှူဦးတော့၊ “တပည့်တော်တို့ ချီးမြှောက်သဖြင့် တပည့်တော်တို့လှူတဲ့ ဆေးပစ္စည်းကို မှီဝဲသုံးဆောင်တော်မူပါဘုရား" လို့ တောင်းပန်ခံရပြီးမှ ဆေးပစ္စည်းကို သုံးဆောင်ရတယ်။

သတင်းသုံးဖော် သံဃာတော်ချင်းလည်းပဲ ဒါန ကောင်မှုကုသိုလ်ပါတဲ့ ရဟန်းကျတော့ သတင်းသုံးဖော် သံဃာတော်တွေက နှစ်သက်ဖွယ်သော ကာယကံ၊ ဝစီကံ၊ မနောကံ အမှုပြုကြ၊ ပြောကြ၊ ကြံစည်ကြတဲ့အပြင် သတင်းသုံးဖော် သံဃာတော်ချင်း သင်္ကန်း၊ ထီး၊ ဖိနပ်၊ အသုံးအဆောင် ပေးကြတဲ့ အခါမှာလည်းပဲ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းကျတော့ သတင်သုံးဖော်ချင်းကလည်းပဲ မွန်မြတ်တဲ့ အသုံးအဆောင်ကို ပေးတယ်တဲ့။ အဲဒီလို ငါးဌာန သာလွန်မြင့်တယ်၊ တင့်တယ်၊ လွှမ်းမိုးနိုင်တယ်။

အရဟတ္တဖိုလ်ချင်း မထူး...
ဒီတော့မှ သုမနာမင်းသမီးက ဆက်ပြီးတော့-

သစေ ပန တေ ဘန္တေ ဥဘော အရဟတ္တံ ပါပုဏန္တိ၊
အရဟတ္တပတ္တာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော၊ သိယာ နာနာကရဏံ။

“ မြတ်စွာဘုရား၊ အဲဒီ ဒါနကောင်းမှုကုသိုလ်ပါတဲ့ ရဟန်း၊ ဒါနကောင်းမှု ကုသိုလ် မပါတဲ့ ရဟန်း၊ ရဟန်းတရားပွားများကြိုးကုတ် အားထုတ်လို့ အရဟတ္တဖိုလ် ရောက်ကြယင်လည်း ဒီကိုယ်တော်နှစ်ပါး ထူးခြားချက်ရှိသလား။

မြတ်စွာဘုရားက ထူးခြားချက်ရှိတဲ့ နေရာမှာ ထူးခြားချက်ရှိတယ်ဆိုတာ ဟောတယ်။ အရဟတ္တဖိုလ်ချင်းတော့ မထူးဘူး။ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းရတဲ့ အရဟတ္တဖိုလ်ကလည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်၊ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ဆင်းရဲတဲ့ ရဟန်းက အရဟတ္တဖိုလ်ရောက်ယင်လည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်၊ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ ဆင်းရဲတဲ့ ရဟန်းက အရဟတ္တဖိုလ်ရောက်ယင်လည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်၊ အဲဒီလို တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်ကြတာချင်း အတူတူဖြစ်လို့-

ဧတ္ထ ခေါ ပနေသာဟံ သုမနေ န ကိဉ္စိ နာနာကရဏံ ဝဒါမိ၊
ယဒိဒံ ဝိမုတ္တိယာ ဝိမုတ္တိံ။
(အံ၊ ၂ ။ ၂၈ )
“ချစ်သမီး သုမနာ၊ ယခုလို အရဟတ္တဖိုလ်ရောက်ကြတဲ့အခါကျတော့ ဒါန ကောင်းမှုကုသိုလ် ပါတဲ့ ရဟန်းရဲ့ အရဟတ္တဖိုလ်နဲ့ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ ရဟန်းရဲ့ အရဟတ္တဖိုလ်ဟာ အရဟတ္တဖိုလ်ချင်းတော့ ထူးခြားချက် မရှိဘူး။ ဒါန ကောင်းမှုကုသိုလ် ပါတဲ့ ရဟန်းရဲ့ အရဟတ္တဖိုလ်ကလည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်တာပဲ။ အရဟတ္တဖိုလ်ချင်းတော့ မထူးခြားဘူး။
အဲဒီလို ပြန်ဟောတယ်၊ သာသနာရဲ့ သဘောကအကျင့် ကျင့်ယင်လည်းပဲ အရဟတ္တဖိုလ်ရောက်ယင် ဆုံးတယ်၊ ပြဿနာစကား၊ အမေးအဖြေ စကား ပြောယင်လည်းပဲ အရဟတ္တဖိုလ်ရောက်ယင် ဒါ သာသနာက ဆုံးတယ်။

ဘုရား ချီးမွမ်း...
တရားသဘော ဆုံးပြီဖြစ်လို့ သုမနာ မင်းသမီလေးက ဝမ်းမြောက်နုမော် သာဓုခေါ်သော အနေနဲ့-
အစ္ဆရိယံ ဘန္တေ၊ အဗ္ဘုတံ ဘန္တေ၊ ယာဝဉ္စိဒံ ဘန္တေ အလမေဝ ဒါနာနိ ဒါတုံ၊ အလံ ပုညာနိ ကာတုံ၊ ယတြ ဟိ နာမ ဒေဝဘူတဿာပိ ဥပကာရာနိ ပုညာနိ၊ မနုဿဘူတဿာပိ ဥပကာရာနိ ပုညာနိ- လို့...

“မြတ်စွာဘုရား၊ အံ့ချီးဖွယ် ကောင်းပါပေရဲ့။ ဒါန ကောင်းမှုပြုဖို့ အင်မတန် တော်တယ်။ ဒါန ကောင်းမှုပြုဖို့ အင်မတန် တော်တယ်။ ဒါန ကောင်းမှုကုသိုလ် ပါပြီဆိုယင် နတ်မှာလည်းပဲ အေး- သာလွန်မြင့်တယ်၊ တင့်တယ်၊ လူ့ဘဝမှာလည်း သာလွန်မြင့်တယ်၊ ရဟန်းဘဝမှာလည်းပဲ သာလွန်မြင့်တယ်၊ တင့်တယ်။ ဒါန ကောင်းမှုကုသိုလ်ပြုဖို့ အင်မတန်တော်တယ်ဘုရား" လို့ လျှောက်တယ်။
မြတ်စွာဘုရားက ဆိတ်ဆိတ်နေသဖြင့် လက်ခံလိုက်ယင် ကိုယ်တိုင်လက်ခံရာ ရောက်တာပဲ။ သို့သော် ကိုယ်တော့် ကိုယ်တိုင်ကိုက ဒါန ကောင်းမှုကုသိုလ် ပြုလိုတယ်။ နှုတ်က မြွက်ပြီးတော့ ချီးမွမ်းချင်လို့-

ဧဝ မေတံ သုမနေ၊ ဧဝ မေတံ သုမနေ။
“ချစ်သမီး သုမနာ၊ ယခုပြောတဲ့စကား၊ သင် ချစ်သမီး ပြောတဲ့အတိုင်း အမှန်ပဲ၊ အမှန်ပဲ။
အလံ ဟိ သုမနေ ဒါနာနိ ဒါတုံ၊ အလံ ပုညာနိ ကာတုံ။
ချစ်သမီး၊ ဒါန ကောင်းမှုကုသိုလ်များ လှူဖို့တန်းဖို့၊ ပြုဖို့များ အင်မတန် သင့်လျော်တယ်။

ဒေဝဘူတဿာပိ ဥပကာရာနိ ပုညာနိ၊
မနုဿဘူတဿာပိ ဥပကာရာနိ ပုညာနိ၊
ပဗ္ဗဇ္ဇိတဿာပိ ဥပကာရာနိ ပုညာနိ။
“နတ်ဖြစ်လည်းပဲ ဒါန ကောင်းမှုကုသိုလ်များသည်အင်မတန် အကျိုးကြီးပါတယ်၊ အကျိုးပေးပါတယ်။ လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ် ဒါန ကောင်းမှုကုသိုလ်ဟာ အေး-ကျေးဇူးကြီးကြတယ်" တဲ့။ အဲဒီလို နှုတ်က မြွက်ပြီးတော့ ဒါန ကောင်းမှုကုသိုလ်ကို ချီးမွမ်းတော်မူတယ်။

ငါတို့သည် ယခုနှစ် မြတ်စွာဘုရား ချီးမွမ်းအပ်သော ဒါန၊ ချီးမွမ်းအပ်သော သီလများ လှူရ၊ တန်းရ၊ ပေးရ၊ ကမ်းရ၊ သီလများ ဆောက်တည်ခံယူ ကျင့်သုံးရပြီးလို့စိတ်ထဲမှာ ဘုရားချီးမွမ်းအပ်သော ဒါန သီလကောင်းမှုကို ပြုရတဲ့အတွက် ဘုရားတိုင်း ဘုရားတိုင်း ချီးမွမ်းအပ်သော မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်အားဖြင့် ကိုးပါးသော လောကုတ္တရာ တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် လျင်မြန်ထုတ်ချောက် မျက်မှောက်ပြုရပါလိုကုန်၏… လို့... ယခုလို ဆုမွန်ကောင်း တောင်းရအောင်…။ ဆွမ်းဒါယကာ ဒါယိကာမများ ရေစက်ခွက်ကို ကိုင်ကြပါ။ ကုသိုလ်ပွား လိုက်ဆိုကြ။
( ရေစက်ချပြီး သာဓု ခေါ်ကြသည်။ )
သာဓု သာဓု သာဓု။

ကုသိုလ်ပြု...
ဘန္တေ=လောဘ ငြိမ်းကြောင်း၊ ဒေါသ ငြိမ်းကြောင်း၊ မောဟငြိမ်းကြောင်း၊ ကောင်းမွန်သော ပဋိပတ်ကို ကျင့်ကြံပွားများ ဟောကြားကြပါသော ဆရာတော် သံဃာတော် အရှင်တို့ဘုရား……။တပည့်တော်များ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာနေ ဦးသန်းအောင်+ဒေါ်ခင်နွဲ့ထွန်း မိသားစုတို့သည် ဥစ္စာစီးပွား၏ အနှစ်သာရ ဒါနကောင်းမှု ပြုလိုကြသဖြင့် ပုပ္ဗ၊ မုဉ္စ၊ ပရ သုံးဖြာ စေတနာခန်း ပြဌာန်းကြ၍ မိမိတို့၏ ကာယ ဉာဏ ဗလနှစ်ပါး အရင်းထား၍...


တရားသဖြင့် ရှာဖွေရ ရှိအပ်သော ဓမ္မိယလဒ္ဓ ဥစ္စာတို့ကို အာသာမဖက် ရက်ရက်ရဲရဲ စွန့်ကြဲကြ၍ ထိုဓမ္မိယဥစ္စာတို့ဖြင့် မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်စသော ဒေယျဓမ္မဒါနဝတ္ထုတို့ကို ပြောင်းလွှဲစီမံကြ၍ ဒါနပရိကံ လျင်မြန်ဥဿုံ ပြီးပြည့်စုံသော ဤယခုနေ့နံနက်အခါ မွေးနေ့မင်္ဂလာ အလှူဒါန ပြုလိုကြသဖြင့် ကလျာဏမိတ် ပရိသတ်တို့နှင့်တကွ သံဃာတော် အရှင်မြတ်တို့ကို မိမိတို့၏နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ကြ၍ ရှေးဦးစွာ နေရာအလှူ ပေးလှူကြပြီးလျှင် မွန်မြတ်သော ယာဂုဆွမ်း၊ မွန်မြတ်သော ခဲဖွယ်ဆွမ်း၊ မွန်မြတ်သော ဘောဇဉ်ဆွမ်း တို့ကို လှူဒါန်းကော်ရော် ပူဇော်ပါကုန်၏၊ ဧည့်ခံပါကုန်၏။ ဘောဇနဒါန ပြုကြပြီးလျှင် အခြံအရံ ပရိဝါရ ကုသိုလ်တရား ဖြစ်ပါစေရန် သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသော ဂရုဓမ္မနိစ္စသီလကို ဆောက်တည်ခံယူ ကျင့်သုံးပါကုန်၏။ သရဏဂုံသီလ ဆောက်တည်ကြပြီးလျှင် ပရိတ်တရား နာကြားပြီးသော ယခုအခါ သက္ကစ္စဒါန ဖြစ်ရန် ဤရေစက်ကို ချသွန်း၍ တပည့်တော်များသည် ကလျာဏမိတ် ပရိသတ်တို့အား မွန်မြတ်သော ဆွမ်း ခဲဖွယ် ဘောဇဉ် အလှူ ကြည်ဖြူရွှင်လန်း လှူဒါန်းပါကုန်၏ ၊ ထိုမျှဖြင့်လည်းမရောင့်ရဲကြသဖြင့် ဓမ္မပူဇာ၊ သံဃာ့ပူဇာဖြစ်စေရန်မွန်မြတ်သော လှူဖွယ် တန်းဖွယ် အသွယ်သွယ်တို့ကို တရားတော်အား ပူဇော်သော အားဖြင့် လည်းကောင်း၊ သံဃာအား ပူဇော်သောအား ဖြင့်လည်းကောင်း အသီးအသီး သာဟတ္ထိက သက္ကစ္စမြောက် လက်ရောက်ကြည်ဖြူ ကပ်လှူပါကုန်၏။

ဆု တောင်း...
တပည့်တော်များသည် ဤနေ့ ယခု ပြုရသော ဒါန ကောင်းမှု၊ သရဏဂုံ သီလ ကောင်းမှု၊ ဓမ္မဿဝန ဘာဝနာကောင်းမှု၊ ကောင်းမှုသုံးပါး အနှစ်တရားတို့ကြောင့် မြတ်စွာဘုရား သာသနာ၏ အနှစ်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် လျင်မြန်ထုတ်ချောက် ရရောက်သည့်ကိုယ်၊ မျက်မှောက်ပြုရသည့်ကိုယ် ဧကန်စင်စစ် ဖြစ်ပါလိုကုန်၏။

အမျှဝေ...
ဤ ကုသိုလ် အရပ်ရပ်၏ အဖို့ဘာဂကို အမိ အဖ၊ အဘိုးအဘွား၊ ကလျာဏမိတ် ပရိသတ်တို့အား လည်းကောင်း၊ ကိုယ်စောင့်နတ်များ၊ တိုက်စောင့်နတ်များ၊ မြို့စောင့်နတ်များ၊ သကြားနတ်မင်း၊ ယမမင်း၊ စတုလောကပါလ နတ်မင်းတို့နှင့်တကွ မိုးနတ်သားများ၊ လေနတ်သားများ၊ သမ္မုတိနတ် လူမင်းတို့အား လည်းကောင်း၊ မိဟောင်း ဖဟောင်း၊ ဆွေဟောင်း မျိုးဟောင်း အပေါင်းတို့အား လည်းကောင်း၊ ထိုမှ ကြွင်းသော ဘုံသုံးပါး၌ ထင်ရှားရှိသော သတ္တဝါတို့အား လည်းကောင်း၊ ဤကောင်းမှုကုသိုလ် အစုကို အမျှပေးပါကုန်၏ ၊ အမျှပေးပါကုန်၏။ မိဘ ဘိုးဘွား အမှုးထား၍ များပြားလှစွာ သတ္တဝါတို့သည် အကျွန်ုပ်တို့နှင့် အညီအမျှ ဤ ကောင်းမှုအစုရ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း...။

သာဓု... သာဓု... သာဓု...။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက

ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

သုမနာသုတ္တန် တရားတော် ပြီးပါပြီ။

.